Showing posts with label ဗုဒ္ဓကိုယ်တော်တိုင် တရားနာကြားခြင်း. Show all posts
Showing posts with label ဗုဒ္ဓကိုယ်တော်တိုင် တရားနာကြားခြင်း. Show all posts

Monday, 26 December 2011

ဗုဒ္ဓကိုယ်တော်တိုင် တရားနာကြားခြင်း

အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ်တရားဟောနေသော နေရာသို့သွား၍ ညဥ့်သုံး ရံကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏။ နန္ဒမထေရ်သည် ထိုသို့ ရပ်လျက် တရားနာကြားနေသော ဘုရားရှင်အားမြင်သော် လာရောက် ကာ လက်အုပ်ချီမိုးရှိခိုးလျက် ဘုရားရှင်အား ဤသို့ လျှောက် ထား၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… အရှင် ဘုရားသည် အလွန်နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာ ပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ။” ဟူ၍ဖြစ်၏။
ထိုအခါ ဘုရားရှင်က နန္ဒမထေရ်အား မိန့်ကြားတော်မူသည်မှာ- “အို ချစ်သားနန္ဒ… သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟော ခြင်းငှာစွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင်တစ်ကမ္ဘာ ပတ်လုံး တရားနာတော်မူအံ့။” ဟူ၍ မိန့်တော်မူခဲ့လေ၏။ တရားအလုံးစုံကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာ ဘုရားသည်ပင် တရားနာကြားခြင်းအမှုကို ဤမျှ အလေးအနက် ထားသော် ပုထုဇဉ်တို့မှာမူ အဘယ်မှာလျှင် အလေးအနက် မထားဘဲ နေသင့်ပါမည်နည်း။ နားကို အဘယ်သို့သော သဒ္ဒါရုံ-အသံဖြင့် အလှဆင်ပါမည်နည်း။ နားကို အလှဆင်ရာ၌ဓမ္မအသံ ဖြင့် အလှဆင်သင့်ပေ၏။ စာဖတ်သူ ပရိတ်သတ်တို့အား ကျွန်တော့်အနေဖြင့် အကြံပေးလိုခြင်းဖြစ်၏။
မကောင်းမှု၌ မွေ့လျော်နေသောစိတ်သည် မကောင်းသော သဒ္ဒါရုံသို့သာ မွေ့လျော်နေတတ်ပေရာ စိတ်ကိုစောင့်ရှောက်ပေး ရပေမည်။ စိတ်ကို မစောင့်ရှောက်ဘဲ လိုရာသို့လွှတ် ပေးထားသော် ကိလေသာ၏ ခြယ်လှယ်မှုကြောင့် မကောင်းသော သဒ္ဒါရုံသို့သာ နှစ်သက်ရင်းနှစ်သက်ရင်းဖြင့် ကြာလျှင်ဥပါဒါန်သို့ ရောက်လာပေ၏။ ၎င်းအဆင့်သို့ ရောက်လာခဲ့သော် မရမက အားထုတ်မှုတို့သည် ဆက်၍ လာပေမည်။ ထိုသဒ္ဒါရုံကို မကြားရ မနေနိုင်ဖြစ်လာပေမည်။ မကောင်းသော သဒ္ဒါရုံဆိုရာ၌ စိတ်ကို ကိလေသာအနှောင်အဖွဲ့ ဖြစ်စေသော၊ အပြစ်လည်း မကင်းစေ သော အသံတို့ကို ဆိုလိုခြင်းဖြစ်၏။
ထို့ကြောင့် နားကိုအလှဆင်ရာ၌ ဗုဒ္ဓ၏အဆုံးအမတော်များ ဖြစ်သည့် ဓမ္မအသံဖြင့် အလှဆင်သင့်ပေသည်။ တရားနာကြား ခြင်းကြောင့် ရရှိသောအကျိုးတို့မှာ ပြောပြ၍ မကုန်နိုင်ပါပေ။ တရားနာကြားခြင်းကြောင့် ဦးစွာ စိတ်ကိုငြိမ်းချမ်းစေပေသည်။ ဓမ္မသည် မှန်ကန်သော ဗုဒ္ဓ၏သစ္စာစကားများဖြစ်ခြင်းကြောင့် ဓမ္မကိုနာကြားရခြင်းဖြင့် မှန်ကန်သောအသိပညာနှင့်ကောင်းမှု၌ မွေ့လျော်လိုသော သတိတရားတို့ ဖြစ်လာပေသည်။ သစ္စာ စကားကို နာကြားရမှ သစ္စာတရားကို ရနိုင်ပေမည်။
ဘုရားရှင်လက်ထက်က ဖားနတ်သားဝတ္ထုကို လူတိုင်ကြားဖူး ကြပါသည်။ ဗုဒ္ဓ၏အသံတော်ကို သာယာသောစိတ်ဖြင့် နာကြားနေချိန် နွားကျောင်းသား၏တုတ်ဖြင့် သေဆုံးပြီး နတ်ပြည်၌ နတ်သားဖြစ်ရပေသည်။ ထို့နောက် နတ်ပြည်မှ မိမိ၏ဘ၀ဟောင်းကို ပြန်ကြည့်ပြီး ဗုဒ္ဓ၏တရားအသံ မဆုံးသေးခင် လူပြည်သို့ဆင်းကာ ဆက်လက်တရားနာကြားခြင်းကြောင့် သောတာပန်တည်ခဲ့လေ၏။
တဖန် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီး၏ တပည့်ရဟန်းငါးရာတို့ သည်လည်း တစ်ခုသောဘ၀မှာ လင်းနို့ ငါးရာဖြစ်ခဲ့ကြရာ ပဋ္ဌာန်းရွတ်ဆိုသောအသံကို ကြည်နူးဝမ်း မြောက်မှုဖြင့် နာကြားခဲ့ဘူးသောအထုံကြောင့် ကျွန်ုပ်တို့ မြတ်စွာဘုရား လက်ထက်၌ အဘိဓမ္မာဆောင် ရဟန္တာငါးရာ ဖြစ်ခဲ့ကြပေသည်။
လောက၌ သေခြင်းတရားမရှိသော သန္တိသုခကို ရရှိသောသူ လောက် ချမ်းသာသောပုဂ္ဂိုလ် အဘယ်မှာရှိအံ့နည်း။ ထိုသုခကို ရရှိအောင် လမ်းညွှန်ပေးသော ဗုဒ္ဓ၏ဓမ္မအသံဖြင့် နားကိုအလှ ဆင်ကြပါကုန်။ ဗုဒ္ဓ၏သစ္စာစကားတို့ကို နာကြားခွင့် ရရှိကြ သောသူတို့မှာလည်း အလွန်ရခဲလှစွာသော လူ့ဘ၀ကို ပိုင်ဆိုင် ထားသူတို့ဟူ၍ မိမိကိုယ်ကိုသိရှိပြီး တရားတော်အတိုင်း လက်တွေ့ကျင့်ကြံနေထိုင်သွားကြပါဟူ၍လည်း ဤဆောင်းပါး ဖြင့် တိုက်တွန်းနှိုးဆော်ရင်း ဓမ္မဒါနပြုလိုက်ရပါသည်။
စာဖတ်သူအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။
>>>Read more>>> >>