Showing posts with label အနတ္တလက္ခဏတရားတော်. Show all posts
Showing posts with label အနတ္တလက္ခဏတရားတော်. Show all posts

Monday, 9 January 2012

အနတ္တလက္ခဏတရားတော်

ရဟန်းတို့ ----- ရုပ်သည် အတ္တမဟုတ်၊ ရုပ်မှာ အတ္တမရှိ၊ ရုပ်သည် အတ္တဖြစ်ခဲ့လျှင် ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ရုပ်သည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ရုပ်တို့၌ စီမံခန့ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ရုပ်သည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏ရုပ်သည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ရုပ်တို့၌ တောင့်တ၍လည်း မရနိုင်ပေ။

ရဟန်းတို့ ----- ဝေဒနာသည် အတ္တမဟုတ်၊ ဝေဒနာမှာ အတ္တမရှိ၊ ဝေဒနာသည် အတ္တဖြစ်ခဲ့လျှင် ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ဝေဒနာသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ဝေဒနာတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ဝေဒနာသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏ဝေဒနာသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ဝေဒနာတို့၌ တောင့်တ၍လည်း မရနိုင်ပေ။

ရဟန်းတို့ ----- သညာသည် အတ္တမဟုတ်၊ သညာမှာ အတ္တမရှိ၊ သညာသည် အတ္တဖြစ်ခဲ့လျှင် ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏သညာသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် သညာတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - သညာသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏သညာသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု သညာတို့၌ တောင့်တ၍လည်း မရနိုင်ပေ။

ရဟန်းတို့ ----- သင်္ခါရသည် အတ္တမဟုတ်၊ သင်္ခါရမှာ အတ္တမရှိ၊ သင်္ခါရသည် အတ္တဖြစ်ခဲ့လျှင် ဤသင်္ခါရသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏သင်္ခါရသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် သင်္ခါရတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - သင်္ခါရသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏သင်္ခါရသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု သင်္ခါရတို့၌ တောင့်တ၍လည်း မရနိုင်ပေ။

ရဟန်းတို့ ----- ၀ိညာဉ်သည် အတ္တမဟုတ်၊ ၀ိညာဉ်ရမှာ အတ္တမရှိ၊ ၀ိညာဉ်သည် အတ္တဖြစ်ခဲ့လျှင် ဤ၀ိညာဉ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏၀ိညာဉ်သည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ၀ိညာဉ်တို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ၀ိညာဉ်သည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏၀ိညာဉ်သည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ၀ိညာဉ်တို့၌ တောင့်တ၍လည်း မရနိုင်ပေ။

ရဟန်းတို့ ----- ရုပ်သည် မြဲသလော၊ မမြဲသလောဟု မေးတော်မူရာ “မမြဲပါ အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏။ မမြဲသောရုပ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု မေးတော်မူရာ “ဆင်းရဲဖြစ်ပါသည် အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏၊ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ဤရုပ်သည် ငါ၏ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏အတ္တတည်း”ဟု စွဲယူခြင်းငှါ သင့်လျော်ပါမည်လောဟု မေးတော်မူပြန်ရာ “မသင့်လျော်ပါ အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏။

ထို့အတူပင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် တို့ကိုလည်း အမေးအဖြေ ပြုလုပ်တော်မူသည်။

ရဟန်းတို့ ----- ထို့ကြောင့် အတိတ်ရုပ်၊ အနာဂတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊ မိမိသန္တာန်၌ ဖြစ်သောရုပ်၊ သူတပါးသန္တာန်၌ ဖြစ်သောရုပ်၊ ကြမ်းတမ်းသောရုပ်၊ နူးညံ့သောရုပ်၊ ယုတ်ညံ့သောရုပ်၊ ကောင်းမြတ်သောရုပ်၊ အနီး၌ဖြစ်သောရုပ်၊ အဝေး၌ဖြစ်သောရုပ် တည်းဟူသော ဤရုပ်အလုံးစုံကို “ငါ၏ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရူမြင်ရမည်။

ထို့အတူပင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ မိမိသန္တာန်၊ သူတပါးသန္တာန်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အနီး၊ အဝေးဖြစ်သော ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်တို့ကိုလည်း “ငါ၏ ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရူမြင်ရမည်။

ရဟန်းတို့ ----- ဤသို့ ရူမြင်သည်ရှိသော် အကြားအမြင် ဗဟုသုတရှိသော အရိယာသာဝကသည် ရုပ်၌လည်းငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ၀ိညာဉ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့ခြင်းကြောင့် ခန္ဓာငါးပါးတို့၌ တပ်မက်ခြင်း ကင်း၏၊ မတပ်မက်ခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်၏။ ကိလေသာမှ လွတ်မြောက်ပြီးသည်ရှိသော် “ကိလေသာမှ လွတ်မြောက်ပြီ”ဟု ပစ္စဝေက္ခဏာဉာဏ် ဖြစ်ပေါ်လာ၏။ နောက်ထပ် တဖန် ပဋိသန္ဓေနေမူကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးအပ်ပြီးပြီ၊ မဂ်ကိစ္စကို ပြုအပ်ပြီးပြီ၊ ဤမဂ်ဉာဏ် ရရှိရေးအတွက် အခြားတပါး အားထုတ်ပြုလုပ်ဖွယ် ကိစ္စ မရှိတော့ပြီဟု သိ၏။ ဤသို့ မြတ်စွာဘုရားသည် ဟောကြားတော်မူသည်။

မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ်တော်ကို ဟောကြားတော်မူပြီးသည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် လွန်စွာနှစ်သက်ကြကုန်၏၊ ၀မ်းမြောက်ဝမ်းသာဖြစ်ကြကုန်၏၊ ဤဒေသနာတော်ကို ဟောကြားပြီးဆုံးသည် ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် စွဲလမ်းမူမရှိဘဲ အာသဝေါတရားတို့မှ လွတ်မြောက်ကြလေကုန်၏။ ထိုအခါဝယ် ဤလောက၌ ဘုရားအပါအ၀င် ရဟန္တာခြောက်ဆူ ဖြစ်ထွန်းပေါ်ပေါက်၍ လာကုန်၏။
>>>Read more>>> >>