Saturday, 28 January 2012
ကြွေလွင့်သွားသော သစ်ရွက်များ
ယာဝဒေ၀ အနတ္တာယ၊ ဥတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုကံ္ကတံ၊ မုဒ္ဓမဿ ၀ိပါတယံ။
      သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏။ ကုသိုလ်အဖို့ အစုကို ဖျက်ဆီး၏။ ပညာဦးထိပ် ကို ပြတ်ကျစေတတ်၏။ (ဗာလ၀ဂ်- ဓမ္မပဒ)
      တစ်ခါတစ်ရံမှာ အခြားသူတစ်ဦးကို အပြစ်ပြောလိုက်ချင်ပေမယ့် အပြစ်တင်ထိုက်တဲ့သူဟာ ဘယ်သူလဲ ဆိုတာကို စဉ်းစား မရခဲ့တာနဲ့ပဲ ကြုံခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပြစ်ကင်းပါတယ်လို့ ဆိုလို့မရနိုင်အောင် ကျွန်တော် အတွင်းစိတ်က သိနေတာကြောင့်ပဲထင်ပါတယ်။ ဒီတော့ အပြစ်ရှာမကြည့် ချင်တော့ဘူး။ အပြစ်ရှာကြည့် ရင် အပြစ်တွေ့ နေဦးမယ်။ လိုချင်တာ အပြစ်မဟုတ်ဘူး။ လိုချင်တာက အဖြေ။ ဒါကြောင့် အဖြေရှာကြည့်ရအောင်ပါ။ အဖြေတွေ့လို တွေ့ငြားပေါ့။
       လွန်ခဲ့တဲ့နှစ်လလောက်က ရွာပြန်ရောက်ခဲ့တယ်။ ကျွန်တော်ရောက်တယ်ဆိုရင်ပဲ တစ်ခြားရွာဘက်က မူလတန်း ကျောင်း ဆရာ/မ တွေက ဖိတ်ကြတယ်ဗျ။ အကြောင်းကတော့ဗျာ တစ်ချိန်တုန်းက ကျွန်တော်ဆက် သွယ်ပေးမှုနဲ့ စာသင် ကျောင်းတစ်ကျောင်းမှာ စာရေးခုံ၊ ကုလားထိုင်၊ စားပွဲခုံ၊ ဗီရို စသဖြင့် စုံစုံလင်လင်လေး အလှူခံလို့ရလိုက်တယ်ပေါ့။ ပထမ တစ်ကျောင်းက အဆင်ပြေသွားတော့ နောက်ထပ် ကျောင်းလေးကျောင်း ကျွန်တော့်ကို လိုက်ပြတယ်။ ကိုသုခရယ် ကူညီပါ အုံးပေါ့။ ကျွန်တော် နည်းနည်းတွန့်သွားတယ်။ အကြောင်းက ဘယ်လိုလုပ်ပြီး အလှူရှင်ရှာရမယ်မှန်းမသိလို့ပါ။ ကိုယ်ကလည်း ဒီလောက်ကြီး မစွမ်းဆောင်နိုင်သေးတာက အဓိကအကြောင်းရင်းပါပဲ။
       ကလေးတွေ စာသင်နေရတယ်။ သိပ်သနားစရာကောင်းတယ်။ သမံတလင်းမှာ ဖျာခင်းပြီးသင်ရတယ်။ တစ်ချို့လည်း ဖျာမရှိ ပကတိ အခင်းဗလာနဲ့ ၇ ပေ လောက်ရှည်တဲ့ တစ်တောင်လောက်စာပွဲမှာ ကြပ်ကြပ် ညပ်ညပ်ထိုင်ပြီး စာသင်ကြရတယ်။ ဒါကတစ်ကျောင်း။ နောက်တစ်ကျောင်းက ခုံရှည်တွေတော့ရှိပါတယ်။ မြေကြီးက ဗလာ။ မိုးကာလ မို့ထင်ပါရဲ့။ ကျောင်းခန်းထဲမှာ ဗွက်တွေနဲ့။ နွေကာလဆို ဖုန်တွေထမှာ မြင်ယောင်သေးတယ်။ ဆရာက ဗွက်မရှိတဲ့ မြေကွက်မှာ ခုံခင်းပြီး စာသင်တယ်။ မြန်မာတွေ တော်ပါပေတယ်လို့ ကျွန်တော်ချီးကျူးရမလိုပဲ။ ကျွန်တော် ဒီလိုကျောင်းမျိုး မှာ စာမသင်ခဲ့ဖူးဘူး။
ကျွန်တော်က စကားကြုံရင် ငယ်ငယ်က ကျွန်တော်နေခဲ့ရတဲ့ကျောင်း အကြောင်းကို ပြန်ပြန်ပြောပြဖြစ်တယ်။ ကျွန်တော်ပြောပြပါဦးမယ်။ ကျွန်တော်တို့ကျောင်းသည် အီး ပုံသဏ္ဍာန်ဖြစ်ပါတယ်။ ကျောင်းရဲ အစွန်နှစ်ဘက်က ဗာဒံပင် ခပ်ကြီးကြီး တစ်ပင်စီ နေရာယူထားကြပါတယ်။ အလယ်မှာ စိန်ပန်းနီပင်ကြီးတစ်ပင်က (လူကြီးနှစ်ဖက် စာနီးပါး ရှိမယ်ထင်ပါတယ်) နေရာယူထားပါတယ်။ ကျောင်းသည် ပျဉ်ထောင်ပျဉ်ခင်းကျောင်းဖြစ်ပါတယ်။ ကျောင်း နောက်ဘက်မှာ မလေးရှား ပိတောက်ပင်တွေနဲ့ မယ်ဇလီပင်တွေ တစ်တန်းကြီးစိုက်ပျိုးထားပါတယ်။ အရိပ်အာဝါသ လည်း အလွန်ကောင်းပါတယ်။ ထို အပင်တန်းတွေရဲ့နောက်ဘက် ကိုက် ၅၀ လောက်အကွာမှာ ယင်လုံအိမ်သာတွေ တန်စီပြီးဆောက်ထားပါတယ်။ ကျား/မ နှစ်မျိုးခွဲပြီး ဆောက်ထားပါတယ်။
       အစွန်နှစ်ဘက်က ဗာဒံပင်တစ်ပင်စီရဲ့ရှေ့မှာ ပန်းခြံတစ်ခုစီရှိပါတယ်။ ပန်းခြံထဲမှာ လျှော၊ စီဆောမောင်းနင်း၊ ဒန်း၊ စတဲ့ ကစားကွင်းလေးပါရှိပါသေးတယ်။ ပန်းခြံနှစ်ခုရဲ့ ရှေ့တည့်တည့် ဟိုဘက်ထိပ် ဒီဘက်ထိပ် ထိအောင်ဘောလုံးကွင်း ရှိပါတယ်။ ကျောင်းဝန်းတစ်ခုလုံး စည်းရိုးအပြည့်ကာရံထားပါတယ်။ ကျောင်းဝင်းတံခါးကို စနစ်တကျထားရှိပါတယ်။ ကျောင်းပေါ်ကိုတက်ကြည့်ပါ။ သောက်ရည်အိုးစင်နှစ်ခုရှိပါတယ်။ ကျောင်းအုပ်ကြီး ရုံးခန်းသီးသန့်ရှိပါတယ်။ ဘုရားဝတ်ပြု တဲ့ဟောခန်းကိုတော့ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ကျောင်းသား တွေနေတဲ့အခန်းတွေကို ဟောခန်းဖန်တီးပြီး မနက်တိုင်း ဘုရားဝတ်ပြုကြတယ်။ ပျဉ်ခင်းထားလို့ ထိုင်စရာအထူး အထွေရှာရန်မလိုပါဘူး။ ဖိနပ်တွေကို အခန်းဝ အောက်အဆင့်မှာ အမြဲချွတ်ရပါတယ်။ ကျောင်းပေါ်မှာ ဖိနပ်မစီးရ ပါဘူး။ ကျောင်းစာကြည့်တိုက်ရှိပါတယ်။ တေဇ၊ ရွှေသွေး၊ မိုးသောက်ပန်း၊ ဇာတ်ကြီး ၁၀ ဘွဲ့ စတဲ့သုတရသ ဘာသာရေး စာပေကအစ အားလုံးထားရှိပေးပါတယ်။
       ကျွန်တော် ကျောင်းစတက်တော့ ကျောင်းကြောက်ပါတယ်။ ပထမတန်းလောက်ရောက်တဲ့အခါ အိမ်မှာနေရမှာ ကြောက်ပါတယ်။ ကျောင်းကိုပျော်တယ်။ စာသင်ချင်တယ်။ စတုတ္ထတန်းရောက်တဲ့အခါမှာ ဇာတ်ကြီး ၁၀ ဘွဲ့ကို ဖတ်နိုင်နေ ပါပြီ။ တစ်ခြားစာတွေကို လက်တည့်စမ်းပြီးဖတ်နေပါပြီ။ လစဉ် ကျောင်းအာဟာရ ကျွေးပွဲတွေ ရှိပါတယ်။ ကျောင်းကျန်းမာရေး ဟောပြောပွဲတွေလုပ်ပါတယ်။ ကျောင်းအားကစားပြိုင်ပွဲတွေ၊ ပညာထူးချွန် ဆုပေးပွဲတွေ လုပ်ပါတယ်။ ခုလို ကျောင်းအကြောင်းကို ပြောပြတော့ ကျွန်တော်နေတာ မြို့ကျောင်းလား လို့ထင်စရာ ရှိပါတယ်။ မဟုတ်ပါဘူး။ တောကျောင်းပါ။ စီမံတဲ့သူတွေ ကောင်းလို့သာ ခုလိုကောင်းကောင်း မွန်မွန် နေရတာပါ။
      ဒီတော့ ကလေးတွေစာသင်နေရတာ သနားစရာကောင်းတယ်လို့ ကျွန်တော်ပြောလိုက်တာ လွန်တယ်လို့ ကျွန်တော်မထင်မိဘူး။ အထက တွေကို လိုက်မကြည့်ဖူးပါ။ မူလတန်းကျောင်းတွေကို စိတ်ဝင်စားတာကြောင့် လိုက်ကြည့် မိပါတယ်။ မေးမြန်းကြည့်ပါတယ်။ ကလေးတွေဖတ်စရာ စာစောင်မရှိပါ။ စာကြည့်တိုက်မရှိပါ။ ကစားရန် ကစားကွင်းမရှိပါ။ ကလေးတွေ ကျောင်းစာကို အသည်းအသန်ကြည့်နေရတာကြောင့်လား၊ ကစားချိန်၊ စာဖတ်ချိန် မရှိတာကြောင့်လား၊ စီမံသူများ သတိမေ့လျော့မှုကြောင့်လား၊ ထိုထို သောအကြောင်းတရားတွေကြောင့်လား မသိပါ။ ရောက်ခဲ့သော ကျောင်းများတွင် ထိုသို့တွေ့ရသည်ချည်းပင်။ အလွန်ဝမ်းနည်းနေမိသည်။
       ကျွန်တော်ပြောခဲ့ပါပြီ။ အဖြေရှာကြည့်တာပါ။ အပြစ်ရှာခြင်းမဟုတ်ပါ။ ကျွန်တော်တွေ့သည့်အဖြေကတော့ စီမံသူများ ညံ့တယ်လို့ယူဆပါတယ်။ ထို့ကြောင့် စီမံသူများကို အကြံပေးလိုပါသည်။ သို့သော် ကျွန်တော့်တွင် ထိုသူများလေးစားလောက်သည့် အရည်အသွေးမရှိသဖြင့် ကျွန်တော့်အကြံဥာဏ်သည် လူရာဝင်မည်မဟုတ်ပါ။ ကျွန် တော့်တွင် ထိုကျောင်းများအတွက် ထောက်ပံ့ပေးနိုင်သော အခြေအနေရှိလျှင် ထိုသူများကို မိမိလိုရာသို့ ခေါ်ဆောင် နိုင်လိမ့်မည်ဟု ယူဆနေမိသည်။ သို့သော် ထိုအတွေးသည်လည်း ထောက်ပံ့မှုမပါလာခြင်းကြောင့် ဖြစ်ပေါ်တိုးတက် လာမည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ထင်မြင်မိသမျှကိုတော့ တစ်ဖက်သတ်အကြံပြုလိုက်ပါဦးမည်။
       တောရွာရှိစာသင်ကျောင်းများတွင် တက်ရောက်နေသော ကျောင်းသားများသည် ထိုကျေးရွာများတွင် နေထိုင်ကြသော အမိအဖတို့၏ သားသမီးများပင်ဖြစ်ကြပါသည်။ ထို့ကြောင့် ထိုကျောင်းခန်းသည်လည်း ထိုအမိအဖ တို့က (အစိုးရမင်းတို့၏ ထောက်ပံ့မှုမရခဲ့လျှင်သော်လည်းကောင်း၊ ကြန့်ကြာနေခဲ့လျှင်သော်လည်းကောင်း) ကြည့်ရှု သင့်သည်ဟု ထင်ပါသည်။ တစ်ရွာလုံးစုကြေးဖြင့် စာကြည့်စာပွဲ၊ စာရေးခုံ၊ ထိုင်ခုံ စသဖြင့် တတ်နိုင်သမျှ နှစ်စဉ်လုပ်ဆောင်၍ လှူဒါန်းခဲ့လျှင် ထားစရာ ပင်ရှိမည်မထင်။ တစ်အိမ်ထောင်စီ တစ်လလျှင် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း စသဖြင့် တစ်စောင်စီဝယ်၍ မိမိဖတ်ပြီးမှ စာသင်ကျောင်းကိုလှူဦးတော့ ထိုကျောင်းတွင် စာကြည့်တိုက် တစ်ခု ကောင်းကောင်းဖြစ်ထွန်းလာနိုင်သည်။
အပြစ်မရှိသော အားနည်းချက်များ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ စေတနာတရားမချို့သော မြန်မာများ ဖြစ် ကြောင်းနားလည်ထားပါသည်။ အမျိုးကိုချစ်လျှင် ပညာရေးကို မြှင့်တင်ဖို့ အကြံပြုချင်သည်။ မျက်စိကိုဖွင့်ကြပါ။ နားကို ဖွင့်ကြပါ။ အတ္တစိတ်ကိုလျော့ကြပါ။ ဘ၀ဆိုသည်မှာ ထီတည်းရပ်တည်နေနိုင်တာမျိုးမဟုတ်ခဲ့ပါ။ အဖွဲ့အစည်း အသိုက် အ၀န်းဖြင့်နေကြသူများသာ ဖြစ်ကြပါသည်။ နိမ့်ကျနေသူများကို လက်တွဲခေါ်ယူဖို့ အကြံပြုပါရစေ။ ငတ်မွတ်နေသူများ ကိုအဟာရပေးဖို့ အကြံပြုပါရစေ။ မိမိလောဘကိုလျော့ပြီး လိုအပ်သည့်နေရာများတွင် ဖြည့်စွက်ကူညီခြင်းဖြင့် ဘ၀ကို အသုံးချဖို့ အကြံပြုပါရစေ။
       လူမိုက်ဆိုတာ အကောင်းအဆိုးကို ခွဲခြားတတ်သော အသိမရှိသူလို့ ဖွင့်ဆိုလို့ရနိုင်မည်ဆိုလျှင် ထိုအသိမရှိ သူ တတ်သောပညာသည် ထိုသူကိုဖျက်ဆီးဖို့ရန်ဟု ရှင်တော်ဘုရားဟောတော်မူခဲ့ပါသည်။ အကောင်းအဆိုခွဲခြား တတ်မှုကို ပညာရေးကသာ ပေးစွမ်းနိုင်မည်ဟု ထင်ပါသည်။ ထိုပညာရေးကို ဖော်ဆောင်ပေးဖို့ရာ၊ စာသင်ကျောင်းများ အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ရာ အသိရှိသူများကို တိုက်တွန်းလိုပါသည်။
        သစ်ရွက်များသည် နွမ်းရော်ကြွေလွင့်သွားသည့်အခါ မြေသြဇာအဖြစ်ဖြင့် သူရှင်သန်ခဲ့ရာ မြေကမ္ဘာကို အကျိုး ပြုခဲ့ပါသည်။ သစ်ရွက်တိုင်းက ထိုတာဝန်ကို ထမ်းဆောင်ကြသည်။ ထိုသစ်ရွက်များအတွက် ဂုဏ်ယူမိပါသည်။ လူသည် သစ်ရွက်မဟုတ်ပါ။ သစ်ရွက်ထက်သာသော အရာဖြစ်ပါသည်။ မိမိရှင်သန်ခဲ့ရာ လူ့ဘောင်ကို အကျိုးဆောင် ပေးရန်တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။ အသက်ရှင်သန်နေချိန်မှသည် ကြွေလွင့်ပျောက်ကွယ်သွားသည်ထိ အကျိုးပြုအောင် စွမ်းဆောင်နိုင်စွမ်းရှိသူများလည်း ဖြစ်ကြသည်။ စွမ်းဆောင်ခဲ့သူများလည်း အထင်အရှားပင်ရှိခဲ့သည်။ ထိုသူတို့ တာဝန်ကျေခဲ့ကြသည်။ ဒါကြောင့်လည်း ကျန်ရှိနေသေးသော ကျွန်တော်တို့တစ်တွေရဲ့ သမိုင်းစာမျက်နှာမှာ တာဝန်မကျေခဲ့ပါ လို့ နှောင်းလူတို့ မှတ်တမ်းပြုလိုက်မှာ စိုးရွံ့နေမိပါသည်။
>>>Read more>>> >>
Monday, 9 January 2012
အနတ္တလက္ခဏတရားတော်
ရဟန်းတို့ ----- ရုပ်သည် အတ္တမဟုတ်၊ ရုပ်မှာ အတ္တမရှိ၊ ရုပ်သည် အတ္တဖြစ်ခဲ့လျှင် ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ရုပ်သည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ရုပ်တို့၌ စီမံခန့ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ရုပ်သည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏ရုပ်သည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ရုပ်တို့၌ တောင့်တ၍လည်း မရနိုင်ပေ။
ရဟန်းတို့ ----- ဝေဒနာသည် အတ္တမဟုတ်၊ ဝေဒနာမှာ အတ္တမရှိ၊ ဝေဒနာသည် အတ္တဖြစ်ခဲ့လျှင် ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏ဝေဒနာသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ဝေဒနာတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ဝေဒနာသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏ဝေဒနာသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ဝေဒနာတို့၌ တောင့်တ၍လည်း မရနိုင်ပေ။
ရဟန်းတို့ ----- သညာသည် အတ္တမဟုတ်၊ သညာမှာ အတ္တမရှိ၊ သညာသည် အတ္တဖြစ်ခဲ့လျှင် ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏သညာသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် သညာတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - သညာသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏သညာသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု သညာတို့၌ တောင့်တ၍လည်း မရနိုင်ပေ။
ရဟန်းတို့ ----- သင်္ခါရသည် အတ္တမဟုတ်၊ သင်္ခါရမှာ အတ္တမရှိ၊ သင်္ခါရသည် အတ္တဖြစ်ခဲ့လျှင် ဤသင်္ခါရသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏သင်္ခါရသည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် သင်္ခါရတို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - သင်္ခါရသည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏သင်္ခါရသည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု သင်္ခါရတို့၌ တောင့်တ၍လည်း မရနိုင်ပေ။
ရဟန်းတို့ ----- ၀ိညာဉ်သည် အတ္တမဟုတ်၊ ၀ိညာဉ်ရမှာ အတ္တမရှိ၊ ၀ိညာဉ်သည် အတ္တဖြစ်ခဲ့လျှင် ဤ၀ိညာဉ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ “ငါ၏၀ိညာဉ်သည် ဤသို့အကောင်ချည်းဖြစ်စေ၊ ဤသို့အဆိုးမဖြစ်စေနှင့်”ဟု မိမိအလိုကျအောင် ၀ိညာဉ်တို့၌ စီမံခန့်ခွဲနိုင်ရာ၏၊ ရဟန်းတို့ - ၀ိညာဉ်သည် အတ္တမဟုတ်သောကြောင့်သာ နာကျင်ခြင်းလည်း ဖြစ်ရ၏။ “ငါ၏၀ိညာဉ်သည် ဤသို့အကောင်းချည်းဖြစ်စေ၊ ဤသို့ အဆိုးမဖြစ်စေနှင့်”ဟု ၀ိညာဉ်တို့၌ တောင့်တ၍လည်း မရနိုင်ပေ။
ရဟန်းတို့ ----- ရုပ်သည် မြဲသလော၊ မမြဲသလောဟု မေးတော်မူရာ “မမြဲပါ အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏။ မမြဲသောရုပ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု မေးတော်မူရာ “ဆင်းရဲဖြစ်ပါသည် အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏၊ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ဤရုပ်သည် ငါ၏ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏အတ္တတည်း”ဟု စွဲယူခြင်းငှါ သင့်လျော်ပါမည်လောဟု မေးတော်မူပြန်ရာ “မသင့်လျော်ပါ အရှင်ဘုရား”ဟု လျှောက်ထားကြကုန်၏။
ထို့အတူပင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် တို့ကိုလည်း အမေးအဖြေ ပြုလုပ်တော်မူသည်။
ရဟန်းတို့ ----- ထို့ကြောင့် အတိတ်ရုပ်၊ အနာဂတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊ မိမိသန္တာန်၌ ဖြစ်သောရုပ်၊ သူတပါးသန္တာန်၌ ဖြစ်သောရုပ်၊ ကြမ်းတမ်းသောရုပ်၊ နူးညံ့သောရုပ်၊ ယုတ်ညံ့သောရုပ်၊ ကောင်းမြတ်သောရုပ်၊ အနီး၌ဖြစ်သောရုပ်၊ အဝေး၌ဖြစ်သောရုပ် တည်းဟူသော ဤရုပ်အလုံးစုံကို “ငါ၏ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရူမြင်ရမည်။
ထို့အတူပင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ မိမိသန္တာန်၊ သူတပါးသန္တာန်၊ အကြမ်း၊ အနု၊ အယုတ်၊ အမြတ်၊ အနီး၊ အဝေးဖြစ်သော ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်တို့ကိုလည်း “ငါ၏ ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရူမြင်ရမည်။
ရဟန်းတို့ ----- ဤသို့ ရူမြင်သည်ရှိသော် အကြားအမြင် ဗဟုသုတရှိသော အရိယာသာဝကသည် ရုပ်၌လည်းငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ၀ိညာဉ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့ခြင်းကြောင့် ခန္ဓာငါးပါးတို့၌ တပ်မက်ခြင်း ကင်း၏၊ မတပ်မက်ခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်၏။ ကိလေသာမှ လွတ်မြောက်ပြီးသည်ရှိသော် “ကိလေသာမှ လွတ်မြောက်ပြီ”ဟု ပစ္စဝေက္ခဏာဉာဏ် ဖြစ်ပေါ်လာ၏။ နောက်ထပ် တဖန် ပဋိသန္ဓေနေမူကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးအပ်ပြီးပြီ၊ မဂ်ကိစ္စကို ပြုအပ်ပြီးပြီ၊ ဤမဂ်ဉာဏ် ရရှိရေးအတွက် အခြားတပါး အားထုတ်ပြုလုပ်ဖွယ် ကိစ္စ မရှိတော့ပြီဟု သိ၏။ ဤသို့ မြတ်စွာဘုရားသည် ဟောကြားတော်မူသည်။
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ်တော်ကို ဟောကြားတော်မူပြီးသည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် လွန်စွာနှစ်သက်ကြကုန်၏၊ ၀မ်းမြောက်ဝမ်းသာဖြစ်ကြကုန်၏၊ ဤဒေသနာတော်ကို ဟောကြားပြီးဆုံးသည် ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် စွဲလမ်းမူမရှိဘဲ အာသဝေါတရားတို့မှ လွတ်မြောက်ကြလေကုန်၏။ ထိုအခါဝယ် ဤလောက၌ ဘုရားအပါအ၀င် ရဟန္တာခြောက်ဆူ ဖြစ်ထွန်းပေါ်ပေါက်၍ လာကုန်၏။
>>>Read more>>> >>
Tuesday, 3 January 2012
ဗုဒ္ဓဘာသာသမိုင်းအကျဉ်း
ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။
ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)
ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)
၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။
မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။
ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။
ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။
ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။
ပထမသင်္ဂါယနာ-
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--
ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။
မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။
ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။
ဒုတိယသင်္ဂါယနာ-
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောကမင်းဖြစ်ပါသည်။
တတိယသင်္ဂါယနာ-
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌ ၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။
တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။
(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။
စတုတ္ထသင်္ဂါယနာ-
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည် ၀ဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။
နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-
ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။
အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။
မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။
ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါသည်။ ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။
ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။
အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။
ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ ၀န်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။
မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။
အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။
ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။
အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။
>>>Read more>>> >>
ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု
အမရပူရ မဟာဂန္တာရုံ မဟာဇနကာဘိဝံသ ဆရာတော်ဘုရားကြီးမှာ ၁၃၁၃-ခု ကဆုန် လဆန်း
၁-ရက်နေ့ ညဉ့် ၇-နာရီ အချိန်က တပ်စခန်းတစ်ခု၌ “ စစ်တပ်နှင့်သာသနာသည် နိုင်ငံတော်
အတွက် အားထားရာ ” ဟူသောခေါင်းစဉ်ဖြင့် ညတရားဟောကြား ခဲ့တာပါ ။
ထိုစဉ်က ဆရာတော်ဘုရားကြီး ဟောကြားခဲ့သော သာသနာဆိုသည်မှာ မြတ်ဗုဒ္ဓရဲ့
သာသနာဖြစ်ပြီး ၊ စစ်တပ်မှာမူကား ထိုစဉ်ကစစ်တပ်တော့ ဖြစ်ဟန်မတူ ၊ ရှေးမင်းများဧ။် တပ်မဟာ ပင်
ဖြစ်ပေလိမ့်မည် ။ညတရားပွဲ အပြီးတွင်တော့ မြို့တိုင်း နယ်တိုင်း အပြန်အလှန် ငြင်းခုန်လျှက်ရှိသော ၊
ပညာရှိ လူတို့ အတန်တန်မေးဖူးခဲ့သော ၊ ဆရာတော်ဘုရားကြီးလဲ မဖြေကြားလို့သော “ ဗလိနတ်စာ
ကျွေးမှု ” အကြောင်းကို လျှောက်ထားလာသောအခါ ... စစ်ဗိုလ် ၊ စစ်သားများ အမြင်မှန်ရစေခြင်း
အကျိုးဌာ မေးခွန်းများကို ဖြေကြား ခဲ့ရပါတော့တယ် ။
ယခုအခါတွင်မူကား အရာရှိ ပေါက်စမှအစ ကြီးကြီးအရာရှိများပင် မကျန် ၊ အကြား
အမြင်ရဟုခေါ်သော ပုဂ္ဂိုလ်များဧ။် ကိုးကွယ်မှု ၊ ၀ိဇ္ဇာဘုန်းကြီးများဧ။်ကိုးကွယ်မှု ၊ ဆိုင်ရာ နတ်များဧ။်
ကိုးကွယ်မှု များကိုလာမဲ့အကျိုး မျှော်ကိုးလို့ ရှေ့တန်းတင် ကိုးကွယ်လာကြပါတယ် ။ ထေရ၀ါဒ ဗုဒ္ဓ
သာသနာပင် နောက်ရောက်လောက်အောင် ရှေ့တန်းတင်လာကြတာပါ ။ ကြောင်းကျိုးဆက်စပ်မှု
ဖြစ်စဉ်တွေ ၊ မြတ်ဗုဒ္ဓ ဟောတဲ့ လောကီလောကုတ် နှစ်ဖြာအကျိုးထူးပေးတဲ့ ၃၈-ဖြာစတဲ့ မင်္ဂလာ
တရားတော်တွေလဲ မေ့လျော့ကုန်ကြပြီ ထင်ပါတယ် ။
နတ်တို့ဧ။် စားသောက်ပုံ
ဆရာတော်ဘုရားကြီးက နတ်ကိုးကွယ်မှုတွေကို ဧကနိပါတ် ကုဏ္ဍက၀ဇာတ်မှာ နတ်တို့ဟာ
ခဲဖွယ်ဘော်ဇဉ်ထဲမှ အဆီသြဇာများသာ ထုတ်စားတယ် လို့ဆိုပါတယ် ၊ သားစိမ်းငါးစိမ်း ပူဇော်ပသတဲ့
အကြောင်းတော့ မတွေ့ပါဘူး ။ သားစိမ်းငါးစိမ်း စားခဲ့ရင်လဲ အလွန်ကြမ်းတမ်းတဲ့ နတ်ဘီလူးတွေသာ
ဖြစ်ဖို့ ရှိ မှာပါ ။
နတ်တို့ဧ။် အဆင့်အတန်း
ဘယ်လိုဘဲဖြစ်ဖြစ် စားဖွယ်နဲ့ ပူဇော်ရတဲ့ နတ်တွေအားလုံးဟာ အထက်ဘုံမှာနေတဲ့
နတ်တွေတော့ မဟုတ်ကြပါဘူး ။ လူ့ပြည်မှာ ရှိတဲ့ သစ်ပင် စတဲ့ နေစရာတွေမှာနေတဲ့ ဘုမ္မစိုး ၊
ရုက္ခစိုး နတ်မျိုးတွေပါ ။
နတ်တို့ဧ။် လူတို့ကို ချယ်လှယ်နိုင်မှု
ဒီရိုးရာ နတ်တွေဟာ မိရိုးဖလာ ပူဇော်မှု မပြုရင် ကောင်းကျိုးထက် ၊ မကောင်းကျိုး
ပေးမှု ပိုများဟန် တူပါတယ် ။ မိဘရိုးရာကို အစထဲမှ မကိုးကွယ်သူများ နဲ့ ၊ မိမိလက်ထက်ကျမှ
မကိုးကွယ်သော လူကြမ်းများ နဲ့ ထေရ ဗုဒ္ဓ ဘာသာဝင် စစ်စစ် ကိုတော့ မကောင်းကျိုး မပေးကြတော့
ပါဘူး ။ အထူး သတိပြုကြည့် ကြပါ ။
နတ်တို့၏လိုအင် ဆန္ဒ
ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် နတ်များနဲ့ ပါတ်သတ်ပြီး ကုသိုလ်ကောင်းမှုပြုတဲ့ အခါ
နတ်များကို အမျှဝေဖို့ တိုက်တွန်းတော်မူပါတယ် ။ဒီလို အမျှဝေ ပူဇော်မှုအတွက်သူတို့ကလဲ ပြန်ပြီး
တတ်နိုင်သလောက် စောင့်ရှောက်ကြမှာပါ ။ ဆရာတော်ကြီးရဲ့ သဘောကလဲ လူလူချင်းမေတ္တာ
ထားသလို ရောက်ရာ အရပ်မှာ နတ်တွေကို မေတ္တာတွေထားလို့ ၊ ကောင်းမှု ကုသိုလ်တွေ အမျှဝေလို့
ဖြစ်သာ ပြုတာကို သဘောကျတာပါ ။ မြတ်ဗုဒ္ဓ ရဲ့ အလိုတော် အတိုင်းပါဘဲ ။
တကယ့်အရေးတော့ဖြ့င့် နတ်တို့လဲ မကယ်နိုင်ပြီ
ရှေးအခါက ကာလိင်္ဂမင်းနဲ့ အဿကမင်းတို့ ရဲ့ စစ်တိုက်ခန်းကို ကြည့် ခြင်းဖြင့်
တကယ်အရေးတော့ဖြင့် နတ်တို့လဲ မကယ်နိုင်ကြပါဘူး ဆိုတာကို တွေ့ရမှာပါ ။
ရှေးအခါက တိုင်းပြည် တစ်ပြည် နဲ့ တစ်ပြည်စစ်တိုက်တဲ့အခါ မင်းတို့ကို စောင့်ရှောက်
တဲ့ နတ်က နွားလားဥသဘယောင်ဆောင်ကာ စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်ကြတာပါ ။
ဦးဆောင်တဲ့ အယောင်ဆောင် နွားလားဥသဘနတ်ကို မင်းတို့သာ အသီးသီး မြင်ရပါတယ် ။
အခြားစစ်သည်တော်တွေတော့ မမြင်ရပေဘူးပေါ့ ။
ဒီလို တဖက်နဲ့တဖက် စစ်တိုက်ဖို့ဆောင်နေတဲ့ အချိန်မှာ စစ်ဖြစ်မဲ့ နေရာ အနီးမှာ
ဘုရားအလောင်းတော်ကြီးဟာ ရသေ့ဘ၀နဲ့ တရားအားထုတ်တော်မူနေတာပါ ။ သူတော်ကောင်း
ရသေ့ထံကို သိကြားမင်းဟာ မကြာခဏဆိုသလို တရားနာ လာလေ့ရှိတာပါ ။
ထိုအချိန်မှာ ကာလိင်္ဂမင်းက သာမန် အရပ်အ၀တ်အစားနဲ့ ရသေ့ထံ သွားလို့ ၊
စကားစမြည် ရင်းရင်းနှီးနှီး ပြောရင်း မင်းနှစ်ပါးစစ်တိုက်ရင် ဘယ်မင်းက နိုင်စရာ ရှိပါသလဲလို့
မေးလျှောက်တဲ့အခါ ဘုရားလောင်းရသေ့က “ ငါမသိဘူး ၊ ငါ့ဆီကိုလာလာနေတဲ့ သိကြားမင်းကို
မေးကြည့်ပေးမယ် ၊ မနက်ဖြန်လာခဲ့ပေါ့ ”
နတ်တို့ရဲ့ အရှင်သခင် သိကြားမင်းကို မေးကြည့်တဲ့အခါမှာ သိကြားမင်းက
“ စစ်တိုက်တဲ့ အခါမှာ ကာလိင်္ဂမင်းရဲ့ အစောင့်အရှောက် နတ်မင်းက တကိုယ်လုံးဖြူသော
နွားလားဥသဘကြီးလို အယောင်ဆောင်ပြီး ၊ အဿကမင်းရဲ့ အစောင့်အရှောက်နတ်မင်းက
မဲနက်သော နွားလားဥသဘ အယောင်ဆောင်ပြီး ဦးဆောင်စစ်ထိုးကြပါလိမ့်မယ် ။အဲဒီအခါမှာ
ကာလိင်္ဂမင်းရဲ့ နတ်မင်းဘက်ကသာ စစ်နိုင်ပါလိမ့်မဲ့ ရှေ့ပြေးနိမိတ်တွေ မြင်တွေ့ပါကြောင်း ”
ရသေ့ကို လျှောက်လေ သတဲ့ ။
နောက်တနေ့ အယောင်ဆောင် အရပ်သားလုလင် ပြန်လာတော့ ရသေ့က
သိကြားမင်း လျှောက်ထားတဲ့ အတိုင်း ကာလိင်္ဂမင်းဘက်မှ အနိုင်ရမဲ့ အကြောင်း ပြောလိုက်တယ်
ဆိုရင်ဘဲ ... စစ်ဖြစ်မဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ နှစ်ဘက်သောတပ်တွေဆီကို ကာလိင်္ဂမင်းဘက်က
စစ်နိုင်မယ်ဆိုတဲ့ သတင်း တမဟုတ်ချင်း ပြန့်နှံလို့ သွားပါတယ် ။
သတင်းကြားသိလိုက်တဲ့ အဿကမင်းလဲ စိတ်တော်တော် ညစ်သွားရတာပါ ။
အဲဒီအခါမှာ အဿကမင်းဆီမှာ အမူတော်ထမ်းနေတဲ့ အရှင်သာရိကပုတြာ အလောင်းဖြစ်တဲ့
နန္ဒိသေန စစ်သူကြီးက ရသေ့ထံ သွားလို့ ၊ သိကြားမင်းရဲ့ ဘယ်လိုရှေ့ပြေးနိမိတ် ပြတယ်
ဆိုတာကိုမေးလို့ “ကောင်းပါပြီ ”ဆိုတဲ့ သဘောနဲ့ ပြန်လာခဲ့ပါတယ် ။
ထိုနောက် မိမိတပ်ကိုပြန်လို့ လက်ရွေးစင်တပ်သား ၁၀၀၀-ကို ရွေးပါတယ် ။
ဤတပ်သားတွေကို တောင်ကုန်းမြင့်မြင့် တစ်နေရာ ခေါ်သွားလို့ “ အမောင်တို့ မောင်မင်းတို့
မင်းတရားအတွက် အသက်ကို စွန့်ဝံ့ကြသလားလို့ မေးပါတယ် ” စွန့်ဝံ့လို့ ရှိရင် ဒီတောင်
ထိပ်ပေါ်က ခုန်ချကြဆိုတော့ ခုန်ချမယ်ချီး တကဲကဲ လုပ်ကုန်ကြတာ ။ ဒီအခါမှာ“ ခု-ခုန်ချဖို့
မလိုဘူး ၊စစ်တိုက်တဲ့ အခါမှာသာ နောက်မဆုတ်တမ်း တိုက်ကြလို့ ” မိန့်မှာတော်မူတယ် ။
ကာလိင်္ဂမင်းရဲ့ တပ်ကလဲ စစ်နိုင်မယ်ဆိုတဲ့ ရှေးပြေး နိမိတ်ကြောင့် ပေါ့ပေါ့ဆဆ
နေကြတယ်လေ ။
ဒီလိုနဲ့ မင်းနှစ်ပါး တကယ်စစ်တိုက်မဲ့ အချိန်ရောက်လာတော့ အဿပမင်းကို
နန္ဒိသေန စစ်သူကြီးက “ မင်းကြီး စစ်ဦးမှာ ဘာတွေမြင်ပါသလဲ”လို့ တိုးတိုးလေး ကပ်မေးလိုက်
တဲ့အခါ စစ်ဦးမှာ နတ်နှစ်ပါး နွားလားဥသဘ ယောင်ဆောင်လို့တိုက်နေတဲ့ အကြောင်း ၊
မိမိ ဘက်က နတ်က ကြောက်ရွံ့နေဟန် ရှိကြောင်း ပြောပါတယ် ။ ဒီအခါ စစ်သူကြီးက
အရှင်မင်းမြတ် .. သူ့ဘက်က နတ်ကိုသာ အရှင်မင်းမြတ်က လေးနဲ့ ပစ်ခတ်ပါ ။ ကျွန်တော်မျိုးတို့
စစ်သည် ၁၀၀၀-ကလဲ အရှင်မင်းမြတ် ပစ်တဲ့နေရာကို ၀ိုင်းပြီးပစ်ပါ့မယ်လို့ ပြောတော့
ကောင်းပြီဆိုပြီး ကာလိင်္ဂမင်းရဲ့နတ်ကို ၀ိုင်းချလိုက်တာ နတ်ဟာ ဒီနေရာမှာ ပွဲချင်းပြီးတာပါဘဲ ။
ဧကန်နိုင်မယ်ဆိုတဲ့ ရှင်ဘုရင်ကြီးလဲ ပြေးတော့တာပါဘဲ ။ သူ့တပ်လဲ လှန့်ပြီး ဖရိုဖရဲ ဖြစ်ကာ
စစ်ရှုံး ရတော့တာပါဘဲ ။
အဲဒီလို သိကြားမင်းကိုယ်တိုင် ဧကန်နိုင်မယ် ဟောထားပေမဲ့လဲ ၊ လုံးလ ၀ီရိယနှင့်
ကြံကောင်းဥာဏ်ကောင်းနဲ့ သူတော်ကောင်းမရှိတော့ ရှုံးရပါတယ် ။ ဧကန်ရှုံးမယ်ဆိုတဲ့ ဘက်ကလဲ
လုံးလ ၀ီရိယနှင့် ကြံကောင်းဥာဏ်ကောင်းနဲ့ သူတော်ကောင်း ရှိတော့ နိုင်တာပါဘဲ ။ ဒါကြောင့်
တကယ် အရေးမှာတော့ဖြင့် နတ်တို့လဲ မကယ်နိုင်ကြပါဘူး ။မိမိရဲ့ အကြံဥာဏ်နှင့် ကောင်းတဲ့
လုံးလ ၀ီရိယဟာ နတ်ထက်ပင် အားကိုးလောက်ပါတယ် ။
ဒါကြောင့် နတ်တို့ရဲ့ ကိုးကွယ်မှုနဲ့ ပါတ်သတ်ပြီး မြတ်ဗုဒ္ဓ ရဲ့ အလိုတော်အတိုင်းသာ
နတ်တွေကို ကုသိုလ်တွေ အမျှဝေလို့ဖြင့် သာ မေတ္တာ ပို့၊ မေတ္တာထားကြရမှာပါ ။ အားကိုးရာ
အမှန်စစ်စစ် မဟုတ်ဘူးဆိုတာ သတိချပ်သင့်ပါတယ် ။ ဤသို့ အသိပေးရင်း ၊ မြတ်ဗုဒ္ဓ ရဲ့ ထေရ၀ါရ
ဗုဒ္ဓ သာသနာကို အရှည်တည်တံ့ ပြန့်ပွားအောင် စွမ်းစွမ်းတမံ ရွတ်ဆောင်နိုင်ကြပါစေကြောင်း ၊
ကျင့်ကြံ အားထုတ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတော့တယ် ။
နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ ... ။
>>>Read more>>> >>
Monday, 2 January 2012
လောကဓံ တရား ရှစ်ပါး
လောကဓံ တရား ရှစ်ပါးအကြောင်း သိကောင်းစရာ အကျယ်ရှင်းလင်းတင်ပြချက်
လောက = လောက+ဓမ္မ = ဓမ္မတာ (ထုံးစံ)
ထိုလောကဓံသည်..
၁။ လာဘ                 ပစ္စည်းဥစ္စာရခြင်း
၂။ အလာဘ              ပစ္စည်းဥစ္စာမရခြင်း
၃။ ယသ                   အခြွေအရံများခြင်း
၎။ အယသ                အခြွေအရံမရှိခြင်း
၅။ နိန္ဒာ                    အကဲ့ရဲ့ခံရခြင်း
၆။ ပသံသာ               ချီးမွမ်းခံရခြင်း
၇။ သုခ                    ကိုယ်-စိတ်- ချမ်းသာခြင်း
၈။ ဒုက္ခ                    ကိုယ်-စိတ်-ဆင်းရဲခြင်း
ဤသို့အားဖြင့် ရှစ်ပါးရှိ၏။
ဤလောကဓံများ၌  မကောင်း ၄ ပါး၊ ကောင်း ၄ ပါးပါဝင်၏။
ကောင်းသောလောကဓံနှင့် ကြုံတွေ့ရသောအခါ ၀မ်းသာရွှင်ပျ တကြွကြွ ဖြစ်နေခြင်း၊ မကောင်းသော လောကဓံနှင့် ကြုံတွေ့ရသောအခါ စိတ်အားနွဲ့၍ တမဲ့မဲ့ ဖြစ်နေခြင်းသည် လောကဓံကြောင့် တုန်လှုပ်ခြင်းတည်း။
လာဘ - အလာဘ
          မိမိနှင့် ထိုက်တန်သော လာဘ်ကို တရားသဖြင့် ရအောင်ကြိုးစားရမည်။ ရသည့်အခါလည်း သူတစ်ပါး မြင်ပြင်းကတ်အောင် ၀မ်းသာရွှင်ပျ တကြွကြွ မရှိစေသင့်။ တချို့ ရှာဖွေမှုကား ရှာဖွေ၍ မရသည့်အပြင် “ဘူးထဲက ရေပါ၍ ” အရင်းပင် ရှုံးတတ်သေးသည်။ ထိုကဲ့သို့ ဆုံးရှုံးမှုကြောင့်လည်း ၀မ်းနည်းပူဆွေး၍ မနေနှင့်၊ ထိုသို့ ဆုံးရှုံးသူတွေ မရေတွက်နိုင်အောင် ရှိကြသည့်အပြင် ထီးနန်းကိုပင် စွန့်လွှတ်၍ တစ်မျိုးလုံး သခင်ဘ၀မှ ကျွန်ဘ၀သို့ ဆင်းကာ “မောင်မောင်ခေါ်တုန်းက ဗျာ လို့မျှ ထူးဖော်မရဘဲ အောင်ကျော်လို့ ခေါ်ကာမှ ဘုရား ထူးရသူတွေ အများပင်” ရှိရှာကြပေသည်။ သို့ဖြစ်၍ ရမှု -မရမှု လောကဓံ နှစ်ခုကြောင့် မတုန်လှုပ်ဖို့ရာ ခိုင်မာသော စိတ်ကိုသ အမြဲထားသင့်ကြပေသည်။
ယသ-အယသ
          ဆရာသမား လူကြီးလူကောင်းတို့၌  အထိုက်အလိုက် အခြွေအရံရှိမှ တင့်တယ်သည်။ အခြံအရံဟူသည် အိမ်ဝင်းအိမ်ခြံတို့ကဲ့သို့ ဘေးဆီးရန်ကာ အရာရာမှာပင် စောင့်ရှောက်လုပ်ကျွေး အကူအညီ ပေးသူများတည်း။ ထိုကဲ့သို့ အခြံအရံ ပေါများအောင် မိမိ၏ ပစ္စည်းများကို ချွေတာဝေငှ မစချီးမြှောက်ရမည်။ ထို့ကြောင့် ‘‘ခြွေမှ ရံသည်”  ဟု ပြောလေ့ရှိသည်။ ထိုအခြွေအရံများကိုလည်း အစေခံလို သဘောထား၍ အားမနာ ပါးမနာ များစွာ မစေခိုင်းသင့်ပေ။ မိမိကို မှီခို၍ ကြီးပွားစေလိုသော စိတ်သာ ရှိသင့်ပေသည်။ အခိုင်းအစေကို ခိုင်းဖို့ရာ ငှားရမ်းထားသော အစေခံများကိုပင် အခြွေအရံလို သဘောထားလျက် မိမိကို အမှီပြု၍ တစ်နေ့ထက်တစ်နေ့ ကြီးပွားအောင် စောင့်ရှောက်သင့်ပေသည်။ ထိုကဲ့သို့ သဘောထားကောင်းပါလျက် အခြွေအရံ မရှိပြန်လျှင် စိတ်နှလုံး မပူပန်လေနှင့်။ အခြွေအရံ ပေါများသည့်အတွက်လည်း မာန်မာန မတက်စေသင့်။
          ကျော်စောမှု၊ ဂုဏ်သတင်း ပျံ့နှံ့မှုများသည်လည်း ယခုဘ၀သာမက ဘ၀တိုင်း အရေးကြီး၏။ မြင့်မြတ်သော အလုပ်ကို လုပ်မည်ကြံလျှင် ဂုဏ်ရှိမှ နာမည်ကြီးမှ အထမြောက်နိုင်သည်ကို ရှေးဦးစွာ သတိပြုသင့်ပေသည်။ ဂုဏ၀န္တေ ၀ဿန္တိ ဇနာ = ဂုဏ်ရှိသူမှ လူထင်ကြသောအခါ ဖြစ်သည်။ သို့ဖြစ်၍ ရသင့်သော ကျော်ကြားမှု ဂုဏ်အတွက် မကြွားမမော်လေနှင့်။ ရသင့်ပါလျက် မရပြနှ်လျှင်လည်း စိတ်အားမငယ်လေနှင့်။
နိန္ဒာ-ပသံသာ
          မလိုမုန်းတား ဣသာများသူ သို့မဟုတ် အလုပ်မရှိ အလုပ်ရှာ၍ ကဲ့ရဲ့စရာ ကြံစည်သူတွေ ပေါများသော ယခုကာလ၀ယ် အချီးမွမ်းခံရဖို့ ခဲယဉ်းသော်လည်း အကဲ့ရဲ့ခံရဖို့မှာ သေချာပြီး ဖြစ်၏။ ထို့ကြောင့် ကဲ့ရဲ့စရာ မရှိအောင် ရှေးဦးစွာ သတိထားရမည်။ သို့ရာတွင် သိကြားမင်း ဖန်ဆင်းအပ်သော နွားသော်မှ မစင်ပျော့သည်ဟု နော့တော့တော့ အဆိုခံရသေးသောကြောင့် ‘ မုန်းအပြစ်၊ ချစ်အကျိုး မြတ်နိုးမှ သဒ္ဒါ  ’ နိုင်သော ယခုကာလ၀ယ် မုန်းသူလည်း မရှားသဖြင့် အပြစ်မြင်ချင်သူတွေလည်း အများပင် ရှိပေမည်။
          သို့သော် သူတစ်ပါး၏ အပြစ်ကို လွယ်ကူစွာ မြင်နိုင်သော ဆိုသူများသည် အမရာ၊ ကန္နရီ၊ မဒ္ဒီ၊ သမ္ဗူလာ တို့အလား သို့မဟုတ် မဟော်သဓာ ၊ ဝေဿန္တရာ တို့တမျှ သို့မဟုတ် အရှင်မဟာ ကဿပ၊ အရှင်သရိပုတ္တရာ၊ အရှင်အာနန္ဒာတို့လို့ ခြောက်ပြစ်ကင်း၍ စင်းလုံးချော ဟု ဆိုနိုင်ပါမည်လော။ ရွာတစ်ရွာ၌ တောင်ဘက်အိမ်က မိန်းမကြီးတစ်ယောက် စကားထစ်ကြောင်း ပြောလာသော သားငယ်က အ… အ… အဖေ၊ ဟို… ဟို .. ဟို ဘက်အိမ်က မိန်း….. မိန်း….. မိန်းမကြီးဟာ၊ စ … စ…စကား ထစ် …. ထစ်…. ထစ်လိုက်တာ ဟု ပြောသလို ထိုသူကိုယ်တိုင်မှာ အကဲ့ရဲ့ ခံရပြီးဖြစ်၍ သူခိုးသေဖော်ညှိများ ဖြစ်တတ်ကြသည်။
          သို့မဟုတ် မိမိကဲ့ရဲ့ဖွယ်ကို အစွမ်းကုန် ဖုံးကွယ်ထားသော  ကြောင်သူတော်များ  ဖြစ်တတ်ကြသည်။ ဘာကြောင့်နည်း။  ခိုးတတ်လျှင် ရိုးတတ် သောကြောင့်တည်း။ အချို့အချက်ကား ကိုယ့်ထက်သာလို့ မနာလို လို့ ကဲ့ရဲ့သော်လည်း ထိုအကဲ့ရဲ့မျိုးကို သူကိုယ်တိုင်ပင် ခံချင်ကောင်း ခံချင်ပါလိမ့်မည်။ ဘာကြောင့်နည်း။ မိန်းကလေးတစ်ယောက်အိမ်သို့ ဂုဏ်သရေရှိ ယောက်ျားလေး တစ်ယောက် ထွက်ဝင်နေရာဝယ် တစ်နယ်လုံး ကဲ့ရဲ့ကြရာ၌ အမှန်စင်စစ်မှာ မိမိတို့ဆီ မလာသော ကြောင့်သာ ဖြစ်သကဲ့သို့တည်း။ ဤသို့လျှင် အကဲ့ရဲ့ ခံရမှုသည် မကင်းနိုင်သော လောကဓံဖြစ်သည့်အပြင် အမှန်အားဖြင့် ကဲ့ရဲ့သလောက် အပြစ်ရှိချင်မှ ရှိမည်။ အပြစ်ရှိသည်ပင်ထားဦးတော့၊ ကြောက်သင့် ရှက်သင့်သလောက်ထက် မိမိစိတ်ကို မိမိ ခြောက်နေခြင်းက ပိုဖြစ်ကောင်းပိုဖြစ်ပါလိမ့်မည်။
          တစ္ဆေကြောက်တတ်သူသည် ညဥ့်အမှောင်မိုက်ထဲတွင် ထန်းပင် ငုတ်တိုကို မြင်ရာ၌ ထန်းပင်ငုတ်တိုက လုံးဝ မခြောက်သော်လည်း သူ့စိတ်ထဲက တစ္ဆေပဲ တစ္ဆေပဲ ဟု အသေအလဲ စွဲလမ်း၍ တစ္ဆေကမဋ္ဌာန်း စီးဖြန်းသောကြောင့် ကမဋ္ဌာန်းပေါက်ပြီးလျှင် သူ့နောက်သို့ လိုက်နေသည်ထင်ကာ မစင်ပါအောင် ပြေးရှာသကဲ့သို့တည်း။ ထို့အတူ အချို့ကိစ္စ၌ မိမိစိတ်မှ မိမိခြောက်ကာ အလွန့်အလွန် ကြောက်စရာဟု ထင်လာတတ်သည်။
ထို့ကြောင့် သံယုတ်ပါဋိတော်၌ တောထဲမှာချွတ်ချွတ်သံကြားတိုင်း မောကြီးပန်းကြီးပြေးရှာသော သမင်ပျိုကဲ့သို့ အကဲ့ရဲ့ခံရမည်ကို ကြောက်နေသူကိုလည်း စိတ်မတည်သူ၊ စိတ်မခိုင်သူ၊ ပေါ့ဆစိတ်ရှိသူ  ဟု မိန့်တော်မူသည်။ ချွတ်ချွတ်သံကြားတိုင်း ပြေးရသဖြင့် သမင်ပျိုမှာ အစာရေစာ မ၀သကဲ့သို့ ထိုကြောက်တတ်သူမှာလည်း မည်သည့်အကျိုးကိုမျှ မရချေ။ နဂိုကပင် အရှက်ရစေတော့ဟု သဘောထား၍ ကဲ့ရဲ့ရကား ထိုသို့ ရှက်မှန်း ကြောက်မှန်းသိလျှင် ကဲ့ရဲ့သူတို့အတွက် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်ပေလတ္တံ့။
          တစ်နည်းတစ်ဖုံ စဉ်းစားပြန်လျှင် အကဲ့ရဲ့ခံနေရသည်မှာ တစ်မျိုးအားဖြင့် အားတက်စရာ ဖြစ်၏။ အဘယ့်ကြောင့်နည်း။ ခွေးလှေးကြမ်းပိုး အုတ်ကြားမြက်ပေါက် အတန်းအစားမျိုးကို အရေးလုပ်၍ မပြောလိုကြ။ အတော်ထင်ရှားသူကိုမှ ကဲ့ရဲ့ကြသောကြောင့်တည်း။ ထို့ကြောင့် သစ်ပင်အများရှိရာတွင် အမြင့်ဆုံးသစ်ပင်သည် လေတိုက်အခံရဆုံး ဖြစ်သကဲ့သို့ ထို့အတူ အထက်တန်းကျလေ လောကဓံမုန်တိုင်း အတိုက်ခံရလေ ဖြစ်ရကား အကဲ့ရဲ့ခံရမှုကို ဂရုစိုက်၍ ၀မ်းမနည်းထိုက်လှသင့်အပြင် အချို့ ကဲ့ရဲ့ခြင်းမှာ မိမိအထက်တန်းရောက်နေခြင်း၏ အမှတ်လက္ခဏာဖြစ်၍ ၀မ်းသာဖွယ် ကောင်းပေသည်။
          ထို့ကြောင့် မည်သူမဆို ကဲ့ရဲ့မှုများကို အရေးစိုက်ကာ အရာရာ မတုန်လှုပ်အောင် ခွေးဟောင်တိုင်း ထ၍ မကြည့်မိရန်၊ မြဲမြံသောစိတ်ထား ခိုင်မာလောက်သော သမာဓိတရားရှိအောင် ကြိုးစား၍ လေ့လာကြရမည်။ အကဲ့ရဲ့ခံရသည့်အခါတိုင်း  ငါ့စိတ်များ ဘယ်အခြေရောက်အောင် ခိုင်မာနေပါလိမ့် မည်နည်း ဟု စဉ်းစဉ်းစားစား သတိထားကာ အကဲ့ရဲ့ဒဏ်ကို အရသာ တစ်မျိုး ခံကြည့်ပါလေ။ သို့သော်လည်း အကဲ့ရဲ့မခံရအောင် လူတကာလက်ညှိုးထိုးလောက်အောင် ကဲ့ရဲ့ဖွယ်အပြုအမူမျိုးကို မရှိအောင်ကား သတိဆောင်ရပေလိမ့်မည်။
          ကဲ့ရဲ့ခံရာ၌ မတုန်လှုပ်သကဲ့သို့ ချီးမွမ်းခံရသည့်အခါ၌လည်း သိသိသာသာကြီး မပြုံးမိစေဘဲ  အလုပ်ကောင်း၍ အကျိုးရသည်မှာ ဓမ္မတာပဲ  ဟု နှလုံးသွင်းလျက် သန့်ရှင်းသော စိတ်ထားဖြင့် အခြားသူများကိုလည်း ငါကဲ့သို့ ဂုဏ်သရေရှိကာ အချီးမွမ်းခံရပါစေ ဟု အမျှဝေသဘောဖြင့် စိတ်မနော ကောင်းသင့်ကြပေသည်။
သုခနဲ့ ဒုက္ခတို့သဘောကား ထင်ရှားလောက်ပြီ ဟု ထင်ပါသည်။
အချုပ်အားဖြင့်…. လောကဓံ ၈ ပါးတွင် အကောင်း ၄ ပါးကို ဣဋ္ဌာရုံ (အလိုရှိအပ်သော အာရုံ) ဟု ခေါ်သည်။ မကောင်းလေးပါးကို အနိဋ္ဌာရုံ (အလိုမရှိအပ်သော အာရုံ) ဟု ခေါ်သည်။ ရှေးရှေးဘ၀များစွာ သံသရာက ကံကောင်း ကံဆိုး (ကုသိုလ်-အကုသိုလ်) ၂ မျိုးကို ပြုလာခဲ့သော ငါတို့ဆီမှာ ထို ဣဋ္ဌာရုံ အနိဋ္ဌာရုံအမျိုးစုံနှင့် အမှန်တွေ့ကြုံကြရတော့မည်။ ထိုကဲ့သို့ တွေ့ကြုံရာ၌ ထို ဣဋ္ဌာရုံ အနိဋ္ဌာရုံ လောကဓံ လေမုန်တိုင်းကို မိမိ၏ လုံ့လစွမ်း ဥာဏ်စွမ်းတို့ဖြင့် နည်းလမ်းရှိသမျှ ခုခံကာကွယ်ကြပြီးလျှင် အကြင်သို့သော နိဗ္ဗာန် ဆိပ်ကမ်းသို့ မျှော်မှန်း ကူးခပ်ရမည်။
ဥပမာ-
ပင်လယ်ကို ကျော်ဖြတ်နေသော မာလိန်မှူးတို့၌ အခါခပ်သိမ်း ငြိမ်သက် အေးချမ်းစွာ ကျော်လွန်ရလိမ့်မည်ဟု မမျှော်လင့်နိုင်။ မကြာမကြာပင် သာမန်လှိုင်းလေ၊ ပြင်းထန်သော လှိုင်းလေ၊ သင်္ဘောကိုပင် အန္တရာယ်ဖြစ်စေနိုင်လောက်သော လှိုင်းလေများကို တွေ့ကြုံရပေသည်။ ထိုသို့ တွေ့ကြုံရာဝယ် ကျွမ်းကျင်သော မာလိန်မှူးတို့မှာ မိမိတို့ လုံ့လစွမ်း ဥာဏ်စွမ်းတို့ဖြင့် ထိုလှိုင်းလေများကို ခုခံ၍ မိမိလိုရာ ဆိပ်ကမ်းသို့ ရောက်နိုင်ကြသကဲ့သို့တည်း။
ကတတ္တာ နာနာကမ္မာနံ၊
ဣဋ္ဌာနိဋ္ဌေပိ အာဂတေ။
ယောနိသော တိတ္ထံ သန္ဓာယ၊
တရေယျ နာဝိကော ယထာ။
နာနာကမ္မာနံ၊ ကံဟောင်းကံဆိုး အမျိုးမျိုးတို့ကို၊ ကတတ္တာ ဘ၀များစွာ သံသရာက မကွာထပ်ကြပ် ပြုအပ်နှံသောကြောင့်။ ဣဋ္ဌာနိဋ္ဌေ အကာင်းအဆိုး အာရုံ ၂ မျိုးသည်။ အဂတေပိ၊ အကြောင်းအားလျော်စွာ ပေါ်လာခဲ့သော်လည်း၊ န၀ိကော ယထာ၊ ပင်လယ်ကိုကူး မာလိန်မှူးကဲ့သို့။ ယောနိသော၊ သင့်တင့်လျော်ကန် တော်မှန်ထုံးအရ အသုံးကျမည့် လုံ့လပညာ အလိမ္မာဖြင့်။ တိတ္ထံ၊ ဒုက္ခမီးစက် ဆူဆူပွက်သည့် ဤဘက်ကမ်းမှ စခန်းထဖို့ နန်းမခေမံ ရေဗဏ်နန်း ဟိုဘက်ကမ်းကို။ သန္ဓာယ၊ စိတ်စဉ်ဖြောင့်တန်း ကောင်းစွာမှန်း၍။ တရေယျ၊ လောကဓံလှိုင်း လေမုန်တိုင်းကြောင့် မဆိုင်းမလှုပ် ဥာဏ်အားထုတ်လျက် သုတ်သုတ်လျင်စွာ ကူးခပ်ရာသတည်း။   
          ဤသို့ဆိုလျှင် လောကဓံ ၈ ပါးကြောင့် စိတ်လှုပ်ရှားခြင်း မရှိ။ အရှည်ကို မြော်မြင်၍ ကြိုတင်စီမံလေ့လည်းရှိ၊ မိမိစီမံသည့်အတိုင်း အကျိုးရှိအောင် ၀ီရိယလည်း ရှိသူတို့မှာ ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿတို့မှ ကင်းကွာ၍ ချမ်းချမ်းသာသာနှင့် ပါရမီကုသိုလ်များကို ကြိုးစားဖြည့်ကျင့်ကာ လူဖြစ်ရကျိုး နပ်သူ ဖြစ်ပါလိမ့်သတည်း။ 
လောကဓံတွေ့ရိုးမို့၊ အမျိုးမျိုးတွေ့ရမယ်။
စိတ်အနေ မတုန်လှုပ်အောင်၊ ထိန်းချုပ်ပါ့ကွယ်။
>>>Read more>>> >>
Saturday, 31 December 2011
ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာ (Religion) မဟုတ်
ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေး ဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္မများစွာ ရောက်ခဲ့ကြသည်။ ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။
သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ အဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။ ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။
ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ သစ်သီးစားချင်သူသည် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏။
ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်း သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန် ကူးရမည်သာ ဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်း မရောက်ပေ။ ရောဂါ အနာ စွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါ မပျောက်ပေ။ ဆရာဝန် ညွှန်ကြားသည့် ဆေးကို သောက်ရမည်သာဖြစ်၏။ ဆရာဝန် တားမြစ်သည်ကို လိုက်နာရမည်သာ ဖြစ်၏။ သို့မှ အနာရောဂါ ပျောက်ပေမည်။
သစ်သီးစားချင်လျက် သစ်ပင်ပေါ် မတက်ဘဲ သစ်ပင် ရှိခိုးနေသလို-ဟိုဘက်ကမ်း သွားချင်လျက် လှေရှာ၍ မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို-အနာရောဂါ ပျောက်လိုလျက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော သတ္တ၀ါတို့သည် ကိုးကွယ်ရာ အမှန်ကို မရကြသည့်အတွက် ချမ်းသာသုခ မရသည့်အပြင် ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြသည်။
( ကျင့်သုံးမှုနှင့် သတိတရား )
ကိုးကွယ်ရာအမှန်ကား အကျင့်တရား။(စရဏ) ပင် ဖြစ်၏။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏။
ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏။
အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏။
ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏။ မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ ထင်ရှားပါသည်။
ဒုစရိုက်ဟူသည် အပြစ်လည်း သင့်၏။ ဒုက္ခလည်း ပေးတတ်သည်။ သုစရိုက်ဟူသည် အပြစ်လည်း ကင်း၏။ သုခကိုလည်း ပေးတတ်သည်။ သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရုံသာ ဖြစ်၏။
တရားကျင့်သူကို တရားက ပြန်၍ စောင့်ရှောက်ပါသည်။ (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ )
ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။
ဤကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်းရင်းကိုလည်း သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။
( ကျင့်ကြံမှုနှင့် အမှန်တရား )
ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓ၀ါဒ ခေါ်သည်။
ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion) မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy) မျိုးလည်း မဟုတ်ပေ။ စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့ Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓ၀ါဒမှာ စရဏ (အကျင့်) က ပဓာန ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။
လူဖြစ်ဖို့ ခက်၏။ သဒ္ဓါနှင့် ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏။ ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်) ဖြစ်၏။ သစ္စာသိဖို့ကား အခက်ဆုံးဖြစ်၏။ သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏။
စရဏ ကို ကျင့်ဖို့ သစ္စာကို သိဖို့ရန် သဒ္ဓါ ပညာ ပြည့်စုံသောလူတို့ တရားမှန်ကို နာကြားရဖို့လည်း အခက်ကြီးတပါးပင် ဖြစ်၏။ ထို့ကြောင့် ဗာရာဏသီဆရာတော်ကြီးနှင့် မိမိတို့သည် အာရှခြောက်နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာ) သို့ သုံးလနှင့် သုံရက်ကြာ ခရီးထွက်၍ ဘာသာ သာသနာ အရေးများကို နား, မျက်စိ မီသလောက် လေ့လာခဲ့ကြသည်။
၁၃၄၃-ခု တန်ဆောင်မုန်းလဆုတ် ၁၂-ရက်နေ့မှ စတင်ထွက်ခဲ့၍ ထိုနှစ် တပို့တွဲလကွယ်နေ့ မြန်မာပြည်သို့ ပြန်ရောက်သည်။ စင်ကာပူနှင့် မလေးရှားမှာ ၂-ပွဲ၊ ထိုင်းနိုင်ငံ ၇-ပွဲ၊ နီပေါ ၅-ပွဲ၊ အိန္ဒိယ ၂-ပွဲ၊ သီရိလင်္ကာ ၆-ပွဲ အသီးသီး တရားဟောခဲ့ပါသည်။ မလေးရှား နီပေါ အိန္ဒိယ သီရိလင်္ကာ တရားပွဲများမှာ တရာဟောပြီးလျှင် မေးခွန်းတွေ များစွာ မေးကြသည်။
( ဗုဒ္ဓ၀ါဒသည် ဘာကို အခြေခံသလဲ )
ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်း သုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။ အများပြောကြတဲ့အတိုင်းဆိုရင် ဗုဒ္ဓ၀ါဒလည်း Religion အထဲ ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါတယ်။ ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့ စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓ၀ါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုး မဟုတ်ပါဘူး။
အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကို ဗုဒ္ဓ၀ါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရား ပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။
ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ၀က္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-
အို-၀က္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး) ကို ကြည်ညို၍နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ထူးပါတယ်။ ၀က္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။
( ဗုဒ္ဓကို ဘယ်လို ယုံကြည်အားကိုးသလဲ )
ဗုဒ္ဓ၀ါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့ သဘာဝတရားတခု အနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါ ရနေတဲ့ လူမမာဟာ သူ့ကို ဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။ ထို့ပြင် ပညာသင်နေတဲ့ ကျောင်းသား တပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့ ဆရာ့အရည်အချင်းနှင့် မေတ္တာ၊ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးးမှ လွတ်မြောက်ရေး လမ်းစဉ်၊ ချမ်းသာစစ် ချမ်းသာမှန် ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့ ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြတယ်။
သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တ၀ါတွေရဲ့ အပြစ်တွေ၊ အညစ်အကြေးတွေ၊ ဆင်းရဲဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်၊ ချမ်းသာသုခအားလုံး ပစ်ချပေးလိမ့်မယ်၊ ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ဆွဲခေါ်ကယ်တင်သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့ ဗုဒ္ဓကို ယုံကြည်အားကိုးနေကြတာ မဟုတ်ပါဘူး။
( ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ )
ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါ အားလုံး ဆေးကြောသုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့ ငါ ပို့ဆောင်ပေးမယ်-လို့ ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးပါဘူး။ ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း မပေးနိုင်ပါဘူး။
တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ မရှိပါဘူး။ တကယ်စင်စစ်တော့ တစုံတယောက်သည် အခြားတစုံတယောက်ကို သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။
ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသားတယောက်ကို သင်ကြားပြသသလို ပါပဲ။ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။ မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက လွဲလို့ တခြား အားကိုးစရာ မရှိပါဘူး-တဲ့။
( လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ )
ဗုဒ္ဓဘာသာဝင်တယောက်သည် ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့ လက်နက်ချ အရှုံးပေး၊ အညံ့ခံ လိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစား ဝေဖန်ခြင်းတို့ကို စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။ မိမိစိတ်ထဲမှာ အချုပ်အနှောင်မရှိ လွတ်လပ်စွာ ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ဘယ်လောက်အထိ လွတ်လပ်ပါသလဲဆိုရင် ကိုယ်ကိုယ်တိုင် ဗုဒ္ဓ ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို ပွားများနိုင်ပါတယ်။ တို့ချဲ့နိုင်ပါတယ်။
ဗုဒ္ဓ၀ါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိ ပါပဲ။ သမ္မာဒိဋ္ဌိ ဆိုတာ အသိဉာဏ် မှန်ကန်ဖို့၊ အယူအဆ မှန်ကန်ဖို့ ပါပဲ။ ဒုက္ခ နှင့် ဒုက္ခအကြောင်းမှန်ကို သိရှိနားလည်ရမယ်။ ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏ စိတ်၊ စေတသိက် တို့ရဲ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။ ထိုသစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား ကာလာမလူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။
( ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း )
ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။
( ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ )
ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။
ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ာကပါ။
ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။
>>>Read more>>> >>
Monday, 26 December 2011
မြတ်စွာဘုရားရှင် ၀ါဆိုတော်မူရာ မြို့၊ ရွာဒေသများ
မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ကဆုန်လပြည့်နေ့
သဗ္ဗညုတဥာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုဒ်ရောက်တော်မူသည်မှ စ၍
အောက်ပါ မြို့ရွာဒေသများ၌ ၀ါကပ်တော်မူခဲ့ပါသည်။
(၁) ၀ါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊
(၂၊ ၃၊ ၄) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊
(၅) ၀ါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရ - သာလာကျောင်း
(၆) ၀ါ - မကုဠတောင်၊ ချရားတော၊
(၇) ၀ါ - တာဝတိံသာနတ်ပြည်၊
(၈) ၀ါ - ဘဂ္ဂတိုင်း၊ သံသုမာရဂီရိပြည်၊ ဘဂ္ဂသယ၊ ဇနပုတ်အနီး သေသကဠာ မိကဒါဝုန်တော၊
(၉) ၀ါ - ကောသမ္ဗီပြည်၊ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံကျောင်းများ၊
(၁၀) ၀ါ - ပါလိလေယျက တောအုပ်၊
(၁၁) ၀ါ - နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်း၊
(၁၂) ၀ါ - ဝေရဉ္ဇတိုင်း၊ နဠေရု တမာပင်ရင်း၊
(၁၃) ၀ါ - စာလိယတောင်၊
(၁၄) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊
(၁၅) ၀ါ - ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်း၊
(၁၆) ၀ါ - အာဠ၀ီပြည်အနီး၊ မဟာဝုန်ကျောင်း၊
(၁၇) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊
(၁၈) ၀ါ (၁၉) ၀ါ - စာလိယတောင်၊
(၂၀) ၀ါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊
(၂၁) ၀ါ မှ (၃၉) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊
(၄၀) ၀ါမှ (၄၄) ၀ါ - - သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း၊
(၄၅) ၀ါ - ဝေဠုဝရွာ။ 
  စသည့် မြို့၊ ရွာ၊နိဂုံး၊ တိုင်း တို့`၌ ဝါဆို ဝါကပ်တော် မူခဲ့ပါသည် ။
>>>Read more>>> >>
ဗုဒ္ဓကိုယ်တော်တိုင် တရားနာကြားခြင်း
အခါတစ်ပါး၌ ဘုရားရှင်သည် နန္ဒမထေရ်တရားဟောနေသော နေရာသို့သွား၍ ညဥ့်သုံး ရံကာလပတ်လုံး တရားနာကြားပြီး သာဓုခေါ်ဆိုတော်မူ၏။ နန္ဒမထေရ်သည် ထိုသို့ ရပ်လျက် တရားနာကြားနေသော ဘုရားရှင်အားမြင်သော် လာရောက် ကာ လက်အုပ်ချီမိုးရှိခိုးလျက် ဘုရားရှင်အား ဤသို့ လျှောက် ထား၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… အရှင် ဘုရားသည် အလွန်နူးညံ့သိမ်မွေ့ခြင်း ရှိတော်မူပါလျက် လွန်စွာ ပြုနိုင်ခဲသောအမှုကို ပြုတော်မူပါပေစွ။” ဟူ၍ဖြစ်၏။
ထိုအခါ ဘုရားရှင်က နန္ဒမထေရ်အား မိန့်ကြားတော်မူသည်မှာ- “အို ချစ်သားနန္ဒ… သင်သည် တစ်ကမ္ဘာပတ်လုံး တရားဟော ခြင်းငှာစွမ်းနိုင်အံ့။ ငါဘုရားသည်လည်း ရပ်လျက်ပင်တစ်ကမ္ဘာ ပတ်လုံး တရားနာတော်မူအံ့။” ဟူ၍ မိန့်တော်မူခဲ့လေ၏။ တရားအလုံးစုံကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာ ဘုရားသည်ပင် တရားနာကြားခြင်းအမှုကို ဤမျှ အလေးအနက် ထားသော် ပုထုဇဉ်တို့မှာမူ အဘယ်မှာလျှင် အလေးအနက် မထားဘဲ နေသင့်ပါမည်နည်း။ နားကို အဘယ်သို့သော သဒ္ဒါရုံ-အသံဖြင့် အလှဆင်ပါမည်နည်း။ နားကို အလှဆင်ရာ၌ဓမ္မအသံ ဖြင့် အလှဆင်သင့်ပေ၏။ စာဖတ်သူ ပရိတ်သတ်တို့အား ကျွန်တော့်အနေဖြင့် အကြံပေးလိုခြင်းဖြစ်၏။
မကောင်းမှု၌ မွေ့လျော်နေသောစိတ်သည် မကောင်းသော သဒ္ဒါရုံသို့သာ မွေ့လျော်နေတတ်ပေရာ စိတ်ကိုစောင့်ရှောက်ပေး ရပေမည်။ စိတ်ကို မစောင့်ရှောက်ဘဲ လိုရာသို့လွှတ် ပေးထားသော် ကိလေသာ၏ ခြယ်လှယ်မှုကြောင့် မကောင်းသော သဒ္ဒါရုံသို့သာ နှစ်သက်ရင်းနှစ်သက်ရင်းဖြင့် ကြာလျှင်ဥပါဒါန်သို့ ရောက်လာပေ၏။ ၎င်းအဆင့်သို့ ရောက်လာခဲ့သော် မရမက အားထုတ်မှုတို့သည် ဆက်၍ လာပေမည်။ ထိုသဒ္ဒါရုံကို မကြားရ မနေနိုင်ဖြစ်လာပေမည်။ မကောင်းသော သဒ္ဒါရုံဆိုရာ၌ စိတ်ကို ကိလေသာအနှောင်အဖွဲ့ ဖြစ်စေသော၊ အပြစ်လည်း မကင်းစေ သော အသံတို့ကို ဆိုလိုခြင်းဖြစ်၏။
ထို့ကြောင့် နားကိုအလှဆင်ရာ၌ ဗုဒ္ဓ၏အဆုံးအမတော်များ ဖြစ်သည့် ဓမ္မအသံဖြင့် အလှဆင်သင့်ပေသည်။ တရားနာကြား ခြင်းကြောင့် ရရှိသောအကျိုးတို့မှာ ပြောပြ၍ မကုန်နိုင်ပါပေ။ တရားနာကြားခြင်းကြောင့် ဦးစွာ စိတ်ကိုငြိမ်းချမ်းစေပေသည်။ ဓမ္မသည် မှန်ကန်သော ဗုဒ္ဓ၏သစ္စာစကားများဖြစ်ခြင်းကြောင့် ဓမ္မကိုနာကြားရခြင်းဖြင့် မှန်ကန်သောအသိပညာနှင့်ကောင်းမှု၌ မွေ့လျော်လိုသော သတိတရားတို့ ဖြစ်လာပေသည်။ သစ္စာ စကားကို နာကြားရမှ သစ္စာတရားကို ရနိုင်ပေမည်။
ဘုရားရှင်လက်ထက်က ဖားနတ်သားဝတ္ထုကို လူတိုင်ကြားဖူး ကြပါသည်။ ဗုဒ္ဓ၏အသံတော်ကို သာယာသောစိတ်ဖြင့် နာကြားနေချိန် နွားကျောင်းသား၏တုတ်ဖြင့် သေဆုံးပြီး နတ်ပြည်၌ နတ်သားဖြစ်ရပေသည်။ ထို့နောက် နတ်ပြည်မှ မိမိ၏ဘ၀ဟောင်းကို ပြန်ကြည့်ပြီး ဗုဒ္ဓ၏တရားအသံ မဆုံးသေးခင် လူပြည်သို့ဆင်းကာ ဆက်လက်တရားနာကြားခြင်းကြောင့် သောတာပန်တည်ခဲ့လေ၏။
တဖန် လက်ယာတော်ရံ အရှင်သာရိပုတ္တရာကိုယ်တော်ကြီး၏ တပည့်ရဟန်းငါးရာတို့ သည်လည်း တစ်ခုသောဘ၀မှာ လင်းနို့ ငါးရာဖြစ်ခဲ့ကြရာ ပဋ္ဌာန်းရွတ်ဆိုသောအသံကို ကြည်နူးဝမ်း မြောက်မှုဖြင့် နာကြားခဲ့ဘူးသောအထုံကြောင့် ကျွန်ုပ်တို့ မြတ်စွာဘုရား လက်ထက်၌ အဘိဓမ္မာဆောင် ရဟန္တာငါးရာ ဖြစ်ခဲ့ကြပေသည်။
လောက၌ သေခြင်းတရားမရှိသော သန္တိသုခကို ရရှိသောသူ လောက် ချမ်းသာသောပုဂ္ဂိုလ် အဘယ်မှာရှိအံ့နည်း။ ထိုသုခကို ရရှိအောင် လမ်းညွှန်ပေးသော ဗုဒ္ဓ၏ဓမ္မအသံဖြင့် နားကိုအလှ ဆင်ကြပါကုန်။ ဗုဒ္ဓ၏သစ္စာစကားတို့ကို နာကြားခွင့် ရရှိကြ သောသူတို့မှာလည်း အလွန်ရခဲလှစွာသော လူ့ဘ၀ကို ပိုင်ဆိုင် ထားသူတို့ဟူ၍ မိမိကိုယ်ကိုသိရှိပြီး တရားတော်အတိုင်း လက်တွေ့ကျင့်ကြံနေထိုင်သွားကြပါဟူ၍လည်း ဤဆောင်းပါး ဖြင့် တိုက်တွန်းနှိုးဆော်ရင်း ဓမ္မဒါနပြုလိုက်ရပါသည်။
စာဖတ်သူအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။
>>>Read more>>> >>
ဓမ္မစကြာသုတ်ပါဠိ (မြန်မာပြန်)
ဓမ္မစကြာအမွမ်း
ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ၊ ဣသိပတန နာမကေ။
မိဂဒါယေ ဓမ္မ၀ရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတံ။
စတုသစ္စံပကာသေန္တော၊ လောကနာထော အဒေသယိ။
နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗလောကဟိ တတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမဟေ။
ဓမ္မစကြာနိဒါန်း
ဧ၀ံ မေ သုတံ - ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ -
ကျွန်ုပ် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဗာရာဏသီပြည် ‘ဣသိပတန’ အမည်ရသော မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူသည်။ ထိုအခါတွင် မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့အား မိန့်တော်မူသည်။
(၁) အစွန်းတရားနှစ်ပါး၏ အလယ်အလတ်ဖြစ်သော မဇ္ဈိမပဋိပဒါအကျင့်
ဒွေ မေ, ဘိက္ခဝေ, အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ။ ကတမေ ဒွေ?
(၁) ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော၊
(၂) ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။
ရဟန်းတို့… အိမ်ယာစွန့်ခွာ ရဟန်းပြုလာသူတို့ မမှီဝဲအပ်သော အစွန်းတရား နှစ်ပါးရှိ၏။ အဘယ် နှစ်ပါးတို့နည်း။
(၁) ယုတ်ညံ့၍ အိမ်ယာထူထောင်သူ လူများစုတို့၏ အလေ့အကျင့်သာဖြစ်သော,မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘ကာမချမ်းသာကိုလိုက်စားခြင်း’ (ကာမသုခလ္လိကာနုယောဂ)
(၂) ကိုယ်စိတ်ဆင်းရဲခြင်းကိုဖြစ်စေတတ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘မိမိကိုမိမိ ပင်ပန်းဆင်းရဲအောင်အားထုတ်ခြင်း’ (အတ္တကိလမထာနုယောဂ) နှစ်ပါးတို့တည်း။
ဧတေ ခေါ, ဘိက္ခဝေ, ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ကတမာ စ သာ, ဘိက္ခဝေ, မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ? အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
အယံ ခေါ သာ, ဘိက္ခဝေ, မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ, စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ရဟန်းတို့ …တထာဂတ (မြတ်စွာဘုရား)သည် ဤအစွန်းတရားနှစ်ပါးအား မကပ်ရောက်ပဲ အလယ်အလတ်အကျင့် (မဇ္ဈိမ ပဋိပဒါ) ကို ထိုးထွင်း၍ သိတော်မူအပ်ပြီ။ ထို မဇ္ဈိမပဋိပဒါ အကျင့်သည် ပညာမျက်စိကိုဖြစ်စေ၏။ အသိဉာဏ်ကိုဖြစ်စေ၏။ ကိလေသာကို ငြိမ်းစေ၏။ (သစ္စာလေးပါးကို) ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိစေ၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုစေ၏။
ထို မဇ္ဈိမပဋိပဒါ အကျင့်ကား အဘယ်နည်း။
(၁) သမ္မာဒိဋ္ဌိ (မှန်သောအမြင်)
(၂) သမ္မာသင်္ကပ္ပ( မှန်သောအကြံ)
(၃) သမ္မာဝါစာ (မှန်သောစကား)
(၄) သမ္မာကမ္မန္တ (မှန်သောအပြုအမူ)
(၅) သမ္မာအာဇီဝ (မှန်သောအသက်မွေးခြင်း)
(၆) သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း)
(၇) သမ္မာသတိ (မှန်သောအောက်မေ့ခြင်း)
(၈) သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း) ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အကျင့်လမ်း(မဂ္ဂ) ဖြစ်သည်။
တထာဂတသည် ဤ မဇ္ဈိမပဋိပဒါအကျင့်အား ထိုးထွင်း၍ သိတော်မူအပ်ပြီ။
(၂) အရိယသစ္စာလေးပါး
(၁) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခံ အရိယသစ္စံ။ ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာ, ဗျာဓိပိ ဒုက္ခော, မရဏံပိ ဒုက္ခံ, အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော, ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော, ယံပိစ္ဆံ န လဘတိ တံ ပိ ဒုက္ခံ, သံခိတ္တေန ပဉ္စုပါဒါနက္ခန္တာ ဒုက္ခာ။
ရဟန်းတို့… ဤကား ဒုက္ခအရိယသစ္စာ (ဆင်းရဲခြင်းဟူသည့် အရိယာတို့သိအပ်သောအမှန်တရား)တည်း။ မွေးဖွားခြင်းဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ မချစ်မနှစ်သက်သူ(သတ္တ၀ါ, သင်္ခါရတရား) တို့နှင့် အတူနေရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်သက်သူတို့နှင့် ကွေကွင်းရခြင်းဆင်းရဲ၊ အလိုရှိအပ်သည်ကို မရသောဆင်းရဲ၊ အကျဉ်းအားဖြင့် ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါး (ပဉ္စုပါဒါနက္ခန္ဓာ) တို့ ဖြစ်သည်။
(၂) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခသမုဒယံ အရိယသစ္စံ။ ယာယံ တဏှာ ပေါနောဗ္ဘ၀ိကာ, နန္ဒီရာဂ သဟဂတာ တတြ တတြာဘိနန္ဒိနီ။ သေယျထိဒံ - ကာမတဏှာ, ဘ၀တဏှာ, ၀ိဘ၀တဏှာ။
ရဟန်းတို့…ဤကား ဒုက္ခသမုဒယ အရိယသစ္စာ (ဆင်းရဲခြင်း၏ ဖြစ်ကြောင်းဟူသည့် အရိယာတို့ သိအပ်သော အမှန်တရား-သမုဒယသစ္စာ) တည်း။ အကြင်တဏှာသည် ဘ၀သစ်ကို တဖန်ဖြစ်စေတတ်၏။ နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်၍ ထိုထို (ကာမဂုဏ်အာရုံ,ဘ၀စသည်)တို့ကို အလွန် နှစ်သက်သာယာတတ်သည်။ ယင်းတဏှာတို့ကား ကာမဂုဏ်အာရုံတို့၌ တပ်မက်ခြင်း (ကာမတဏှာ), ဘ၀ဖြစ်တည်မှုကို တပ်မက်ခြင်း (ဘ၀တဏှာ)၊ ဘ၀ကင်းပြတ်မှုကို တပ်မက်ခြင်း (၀ိဘ၀တဏှာ)တို့ဖြစ်သည်။
(၃) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓံ အရိယသစ္စံ။ ယော တဿာယေ၀ တဏှာယ အသေသ၀ိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
ရဟန်းတို့…ဤကား ဒုက္ခနိရောဓ အရိယသစ္စာ (ဆင်းရဲချုပ်ခြင်းဟူသည့် အရိယာတို့ သိအပ်သော အမှန်တရား- နိရောဓသစ္စာ) တည်း။ ထိုတဏှာ၏ အကြွင်းမဲ့ တပ်ခြင်းကင်းရာ, ချုပ်ရာ, စွန့်ရာ, တစ်ဖန်ပြန်၍ စွန့်ရာ လွတ်မြောက်ရာ မကပ်ငြိရာဖြစ်သည်။
(၄) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
ရဟန်းတို့…ဤကား ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်လမ်း ဟူသည့် အရိယာတို့ သိအပ်သော အမှန်တရား- မဂ္ဂသစ္စာ) တည်း။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယမ, သမ္မာသတိ, သမ္မာသမာဓိ ဟူသောအင်္ဂါရှစ်ပါးရှိသော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ) ဖြစ်သည်။
(၃) တိပရိဝဋ္ဋဒေသနာ - သစ္စာလေးပါးအား သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်သုံးပါးဖြင့် သိခြင်း
(၁) “ဣဒံ ဒုက္ခံ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခအမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၂) “တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခအမှန်တရားအား ပိုင်းခြား၍ သိအပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်)ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၃) “တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခအမှန်တရားအား ပိုင်းခြား၍ သိပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၄) “ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခဖြစ်ကြောင်း အမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်)ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၅) “တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခဖြစ်ကြောင်း အမှန်တရားအား ပယ်အပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်)ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၆) “တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခဖြစ်ကြောင်း အမှန်တရားအား ပယ်ပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်)ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၇) “ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ အမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၈) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခချုပ်ရာ အမှန်တရားအား မျက်မှောက်ပြုအပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်)ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၉) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ထို ဒုက္ခချုပ်ရာ အမှန်တရားအား မျက်မှောက်ပြုပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်)ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၁၀) “ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားတည်း” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (သစ္စာဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၁၁) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားအား ပွားများအပ်သည်” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကိစ္စဉာဏ်)ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၁၂) “တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ” န္တိမေ, ဘိက္ခဝေ, ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ, ဉာဏံ ဥဒပါဒိ, ပညာ ဥဒပါဒိ, ၀ိဇ္ဇာ ဥဒပါဒိ, အာလောကော ဥဒပါဒိ။
ရဟန်းတို့… “ဤကား ဒုက္ခချုပ်ရာ ရောက်ကြောင်းအကျင့် အမှန်တရားအား ပွားများပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးယခင်က မကြားခဲ့ဖူးသော တရားတို့၌ (ကတဉာဏ်) ပညာမျက်စိသည်ဖြစ်၏။ အသိဉာဏ်သည် ဖြစ်၏။ ပညာသည်ဖြစ်၏။ ထိုးထွင်း၍ သိသော ၀ိဇ္ဇာသည်ဖြစ်၏။ ဉာဏ်အလင်းရောင်သည်ဖြစ်၏။
(၄) သစ္စာလေးပါးကိုသိမှ ဘုရားအဖြစ်ကို ၀န်ခံခြင်း
ယာဝကီဝဉ္စ မေ, ဘိက္ခဝေ, ဣမေသု စတူသု အရိယသစ္စေသု ဧ၀ံ တိပရိဝဋ္ဋံ ဒွါဒသကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။ နေ၀ တာဝဟံ, ဘိက္ခဝေ, သဒေ၀ကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေ၀မနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ။
ရဟန်းတို့… ဤအရိယသစ္စာလေးပါး၌ (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု) သုံးပါးသောအပြန် (တိပရိဝဋ္ဋံ),၁၂-ပါးသော အခြင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်အမြင် မစင်ကြယ်သေးသမျှကာလပတ်လုံး၊ ငါသည် နတ်, မာရ်နတ်, ဗြဟ္မာ နှင့် သမဏ, ဗြာဟ္မဏ, မင်းဟူသော နတ်လူလောကတွင် “အတုမရှိသော သမ္မာသမ္ဗုဒ္ဓဘုရား” အဖြစ်ကို ၀န်မခံခဲ့ချေ။
ယာတော စ ခေါ မေ, ဘိက္ခဝေ, ဣမေသု စတူသု အရိယသစ္စေသု ဧ၀ံ တိပရိဝဋ္ဋံ ဒွါဒသကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။ အထာဟံ ဘိက္ခဝေ, သဒေ၀ကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေ၀မနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ။
ရဟန်းတို့… ဤအရိယသစ္စာလေးပါး၌ (သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု) သုံးပါးသောအပြန် (တိပရိဝဋ္ဋံ), ၁၂-ပါးသော အခြင်းရာအားဖြင့် ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်အမြင် စင်ကြယ်မှသာလျှင်၊ (…) “အတုမရှိသော သမ္မာသမ္ဗုဒ္ဓဘုရား” အဖြစ်ကို ၀န်ခံခဲ့သည်။
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ “အကုပ္ပါ မေ ၀ိမုတ္တိ, အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ” တိ။
“ငါ၏ လွတ်မြောက်မှုသည် မပျက်စီးမဆုံးရှုံးနိုင်တော့။ ဤကား အဆုံးဘ၀တည်း။ ဘ၀တစ်ဖန်ပြန်၍ ဖြစ်ခြင်းမရှိပြီ” ဟုသိမြင်သော (ပြန်၍ ဆင်ခြင်သိသော ပစ္စဝေက္ခဏာ) ဉာဏ်သည်ဖြစ်ပေါ်လာသည်။
ဣဒမဝေါ စ ဘဂ၀ါ အတ္တမနာ ပဉ္စ၀ဂ္ဂိယာ ဘိက္ခူ ဘဂ၀တော ဘာသိတံ အဘိနန္ဒုန္တိ။
မြတ်စွာဘုရားသည် ဤစကားအား မိန့်သောအခါ၊ ပဉ္စ၀ဂ္ဂီငါးပါးတို့သည် နှစ်လိုကုန်သည်ဖြစ်၍ မြတ်စွာဘုရားဟောသော တရားတော်အား နှစ်ခြိုက်ဝမ်းမြောက်ကြကုန်၏။
(၅) အသျှင်ကောဏ္ဍည သောတာပန်တည်ခြင်း
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ၀ိရဇံ ၀ီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ “ယံ ကိဉ္စိ သမုဒယဓမ္မံ, သဗ္ဗံ တံ နိရောဓ ဓမ္မ” န္တိ။
ဤသို့ (ဂါထာမဖက်) စကားပြေ သက်သက်ဖြင့် ဟောကြားအပ်သောအခါ၊ အသျှင်ကောဏ္ဍညအား “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံတို့သည် ချုပ်ခြင်းသဘောရှိကုန်သည်”ဟူသော ကိလေသာစင်ကြယ်သည့် (သောတာပတ္တိမဂ်ခေါ်) တရားအမြင်သည် ဖြစ်ပေါ်၍လာ၏။
(၆) နတ်ဗြဟ္မာတို့ ကောင်းချီးပေးခြင်း
(၁) ပ၀တ္တိတေ စ ပန ဘဂ၀တာ ဓမ္မစက္ကေ, ဘုမ္မာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
ဤသို့ မြတ်စွာဘုရားသည် (သစ္စာလေးချက်) တရားစက်ကို လည်စေသော် -
“လောကတွင် သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသည့် ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ဟောကြားတော်မူ၏”ဟု ဘုမ္မစိုးနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၂) ဘုမ္မာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, စတုမဟာရာဇိကာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
ဘုမ္မစိုးနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု စတုမဟာရာဇ်နတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၃) စတုမဟာရာဇိကာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, တာဝတိံသာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
စတုမဟာရာဇ်နတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု တာဝတိံသာနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၄) တာဝတိံသာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, ယာမာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
တာဝတိံသာနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု ယာမာနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၅) ယာမာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, တုသိတာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
ယာမာနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု တုသိတာနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၆) တုသိတာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, နိမ္မာနရတိ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
တုသိတာနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု နိမ္မာနရတိနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၇) နိမ္မာနရတီနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, ပရနိမ္မိတ၀သ၀တ္တီ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
နိမ္မာနရတိနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
(၈) ပရနိမ္မိတ၀သ၀တ္တီနံ ဒေ၀ါနံ သဒ္ဒံ သုတွာ, ဗြဟ္မကာယိကာ ဒေ၀ါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂ၀တာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ၀ါ ဗြာဟ္မဏေန ၀ါ ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ ကေနစိ ၀ါ လောကသ္မိံ” တိ။
ပရနိမ္မိတ၀သ၀တ္တီနတ်တို့ ကောင်းချီးပေးသံကို ကြားရသော် “လောကတွင် … ဟောကြားတော်မူ၏” ဟု ဗြဟ္မာတို့သည် အဆင့်ဆင့် ကောင်းချီးပေး ကြွေးကြော်ကြကုန်၏။
ဣတိဟ, တေန ခဏေန, တေန လယေန, တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂစ္ဆိ။ အယဉ္စ ဒသသဟဿိ လောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။ အပ္ပမာဏော စ ဥဠာရော သြဘာသော လောကေ ပါတု ရဟောသိ အတိက္ကမ္မ ဒေ၀ါနံ ဒေ၀ါနုညာဝန္တိ။
ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလ၌ ကောင်းချီးပေးသံတို့သည်ပြန့်နှံ့တက်၏။ ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ ထက်ဝန်းကျင် တုန်လှုပ်၏။ အတိုင်းအရှည်မရှိ ကြီးမားသော အရောင်အလင်းသည်လည်း နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ လောက၌ ထင်ရှားဖြစ်ပေါ်လာ၏။
(၇) အသျှင်ကောဏ္ဍည ရှင်ရဟန်းပြုခြင်း
အထ ခေါ ဘဂ၀ါ ဣမံ ဥဒါနံ ဥဒါနေသိ “အညာသိ ၀တ ဘော ကောဏ္ဍညော, အညာသိ ၀တ ဘော ကောဏ္ဍညော” တိ။ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ ‘အညာသိကောဏ္ဍညော’ တွေဝ နာမံ အဟောသိ။
ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ကောဏ္ဍညသည် (သစ္စာလေးပါးတရားကို) သိလေပြီတကား။ ရဟန်းတို့ ကောဏ္ဍညသည် (သစ္စာလေးပါးတရားကို) သိလေပြီတကား”ဟု ဥဒါန်းကို ကျူးရင့်တော်မူ၏။ ဤသို့ ကျူးရင့်တော်မူသောကြောင့် အသျှင်ကောဏ္ဍညအား “အညာသိကောဏ္ဍည” ဟူ၍သာလျှင် အမည်တွင်လေ၏။
အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ၀ိဒိတဓမ္မော ပရိယောဂါဠဓမ္မော တိဏ္ဏ၀ိစိကိစ္ဆော ၀ိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂ၀န္တံ ဧတဒဝေါစ - “လဘေယျာဟံ, ဘန္တေ, ဘဂ၀တော သန္တိကေ ပဗ္ဗဇံ လဘေယျံ ဥပသမ္ပဒ” န္တိ။
ထို့နောက် အသျှင်အညာသိကောဏ္ဍညသည် တရားသို့ မြင်ပြီး, ရောက်ပြီး, သိပြီး, သက်ဝင်ပြီးဖြစ်၍၊ (သို့လော သို့လော)ယုံမှားခြင်းကို လွန်မြောက်ပြီးဖြစ်၍၊ မြတ်စွာဘုရား၏ သာသနာ၌ ရဲရင့်ခြင်းသို့ရောက်ပြီး၍၊ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ “အသျှင်ဘုရား… ကျွန်ုပ်သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရလိုပါသည်” ဟုလျောက်ထား၏။
“ဧဟိ ဘိက္ခူ” တိ ဘဂ၀ါ အဝေါစ “သွာက္ခတော ဓမ္မော, စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ” တိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။
“ရဟန်း လာလော့ (ဧဟိ ဘိက္ခူ) … တရားကို ကောင်းစွာဟောအပ်ပြီ၊ ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှါ မြတ်သောအကျင့်ကို ကောင်းစွာကျင့်လော့” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထိုစကားဖြင့်ပင် အသျှင်ကောဏ္ဍညသည် ပဉ္စင်းအဖြစ် (ဥပသမ္ပဒါ) အဖြစ်သို့ရောက်လေသည်။
>>>Read more>>> >>
Tuesday, 29 November 2011
အကုသိုလ် နှင့် ပန်းတိုင် - ရဝေနွယ်(အင်းမ)
တစ်ခါတုန်းက အလွန်လှတဲ့ ဗာရာဏသီမင်းတစ်ပါး ရှိပါတယ်။ သူ့ကိုမြင်လိုက်ရ တဲ့သူတွေဟာ ထပ်ခါထပ်ခါ ပြန်ကြည့်ချင်စိတ် ဖြစ်ကြရပါတယ်တဲ့။ တစ်နေ့တော့ ဗာရာဏသီမင်းဟာ မြို့ထဲကို လှည့်လည် ပါတယ်။ တစ်နေရာ အရောက်မှာတော့ သူဋ္ဌေး တစ်ယောက်ရဲ့ မယားက လေသာ ပြတင်းပေါက်ကနေ မင်းကို ရပ်ကြည့် နေပါတယ်။ မင်းလည်း ရပ်ကြည်နေတဲ့ အမျိုးသမီးကို မြင်ပြီးတပ်မက်တဲ့ ရာဂစိတ် တွေဖြစ်သွား ပါတယ်။ ဒီတော့ အမတ်တစ်ယောက်ကို ခေါ်ပြီး “အဲဒီမိန်းမမှာ ယောက်ျား ရှိမရှိ” စုံစမ်း ခိုင်းပါတယ်။ အမတ်ကလည်း စုံစမ်းပြီး ယောက်ျားရှိကြောင်း ပြန်လျှောက်ပြပါတယ်။
          မင်းဟာဖြစ်နေတဲ့ တပ်မက်စိတ်တွေကို ကြည့်ပြီး “ငါဟာ နတ်သမီးတွေလို လှနေတဲ့ မောင်းမမိဿံ နှစ်သောင်း အလယ်မှာ တစ်ယောက်တည်း အလိုရှိသလို ပျော်မွေ့နေတယ်။ ဒီမိန်းမ နှစ်သောင်းနဲ့ ရောင့်ရဲခြင်း မရှိဘဲ သူတစ်ပါး မယားအပေါ်မှာ ရာဂစိတ်တွေ ဖြစ်လိုက် သေးတယ်၊ ဒီတဏှာ ရာဂဟာ အပါယ်ကို ဆွဲချလိမ့်မယ်” လို့ တဏှာရာဂ အပြစ်ကို ဉာဏ်နဲ့ ကြည့်ပါတယ်။ ဗာရာဏသီမင်းက ဆက်ပြီး “ငါ ဒီတဏှာရာဂကို အခုပဲရှင်းပစ် မယ်” ဆိုပြီး မင်းအဖြစ်ကိုစွန့်ပြီး ရဟန်းပြု လိုက်ပါတယ်။ ရဟန်းဘဝနဲ့ပဲ ဝိပဿနာတရား ကိုကြိုးကြိုးစားစား အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။
သုတ္တနိပါတ်အဋ္ဌကထာ ပထမတွဲ
ခဂ္ဂဝိသာဏသုတ်၊ စာမျက်နှာ ၁၁၁၊၁၁၂။
          ဗာရာဏသီမင်း ဖြစ်လိုက်တဲ့ ရာဂစိတ်က တကယ်ဆို အကုသိုလ်ပါ။ ဒါပေမယ့် ဗာရာဏသီ မင်းကတော့ အဲဒီ အကုသိုလ်စိတ်ကိုပဲ အမှီပြုပြီး လမ်းဆုံးပန်းတိုင် တစ်ခုဆီ အရောက်လှမ်းနိုင် ခဲ့ပါတယ်။ ဒီတော့ အကုသိုလ် ဖြစ်တိုင်းလည်း ကြောက်စရာ မလိုပါဘူး။ အကုသိုလ်ကနေ ကုသိုလ်ဖြစ်အောင် ပြန်လုပ်ယူရမှာပါ။ ပြန်လုပ်ယူနည်း တွေလည်း မြတ်စွာဘုရားကဟောပြထားတာပါ။
          အကုသိုလ် ဖြစ်တိုင်း စိတ်ဆင်းရဲ နေရမယ်ဆိုရင် တစ်သက်လုံး စိတ်ဆင်းရဲနေ ရတော့မှာပါ၊ သာသနာဟာ အားလုံးရဲ့ ထောက်ရာ တည်ရာ အားကိုးရာပါ။ ကိလေသာ မကင်းသေးတဲ့ ပုထုဇဉ်ဘဝမှာ အကုသိုလ်ကတော့ ပြုမိကြမှာပါပဲ။ ဒါပေမယ့် ပြုမိတဲ့ အကုသိုလ်ကို အမှီပြုပြီး စီးပွားရေး စကားနဲ့ ပြောရမယ် ဆိုရင်တော့ ဖြစ်လာတဲ့ အကုသိုလ်ကိုပဲ အရင်းအနှီး လုပ်ပြီး ကုသိုလ်ကုန်ချော ပြန်ထုတ် ယူရမှာပါ။ တစ်ဆင့် မြှင့်ပြီး ပြောရရင် ဝိပဿနာ ကုန်ချောအထိ ဖြစ်အောင် ကြိုးစားကြရမှာပါ။ ဗာရာဏသီ မင်းဟာ ဖြစ်ပေါ်လာတဲ့ အကုသိုလ် ကိုပဲ အရင်းအနှီး လုပ်ပြီး ပစ္စေက ဗုဒ္ဓါ ဖြစ်သွားတာပါ။
          မနက်အိပ်ရာက နိုးရင်မထသေးဘဲ ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြန်မေးသင့်တဲ့ မေးခွန်း တစ်ခုရှိပါတယ်။
          လူ့ဘဝ ရောက်လာတာ ဘာလုပ်ဖို့လဲ?
          အဖြေကတော့ လမ်းသုံးသွယ်ကို အာရုံပြုကြည့်ရမှာပါ။
          လမ်းသုံးသွယ် ရှိပါတယ်။ ကံလမ်းရယ်၊ ဈာန်လမ်းရယ်၊ ဉာဏ်လမ်း ရယ်ပါ။ ဒါန သီလတွေ ပြုတာက ကံလမ်းက သွားတာပါ။ ကံလမ်းက သွားရင် လူ့ပြည်၊ နတ်ပြည်ကို ရောက်ပါတယ်။ သမထ တရားတွေ ပွားများအားထုတ် တာက ဈာန်လမ်းက သွားတာပါ။ ဈာန်လမ်းက သွားရင်ဗြဟ္မာ့ပြည်ကို ရောက်ပါတယ်။ ဝိပဿနာ တရားတွေ ပွားများ အားထုတ်တာက ဉာဏ်လမ်းက သွားတာပါ။ ဉာဏ်လမ်းကသွားရင် နိဗ္ဗာန်ကို ရောက်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန် ရောက်ဖို့ အတွက် ဉာဏ်လမ်းက သွားရမှာပါ။ ဒီတော့ ကံလမ်း၊ ဈာန်လမ်းလောက် နဲ့ တင်းတိမ်နေလို့ မရပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားကိုလည်း အားထုတ်ရဦး မှာပါ။
          ပြီးတော့ လမ်းသုံးသွယ်ကို အာရုံပြုလိုက်ရင်လည်း ရာထူးဌာနန္တရ, ငွေကြေးဥစ္စာ, ခြွေရံသင်းပင်း ဆိုတာတွေလည်း ဘာမှမဟုတ်တော့ပါဘူး။ 
     လူ့ဘဝတော့ ရောက်လာပါရဲ့ ဒါပေမယ့် လူ့ဘဝ ရောက်လာပြီး ဒီဝိပဿနာ တရား လေးမှ အားမထုတ်ရဘဲ သေသွားရတယ် ဆိုရင်တော့ လူ့ဘဝရလာတာ မတန်ပါဘူး။ ဝိပဿနာတရား အားမထုတ်ရဘဲ သေသွားကြရတဲ့ သူတွေလည်း အများကြီးရှိမှာပါ။
          ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားဟာ သာသနာတွင်း ကာလမှာပဲ ရရှိတာပါ။ သာသနာပ ကာလမှာမရပါဘူး။ သာသနာပ ကာလမှာ ကံလမ်းနဲ့ ဈာန်လမ်းပဲ ရှိတာပါ။ ဆိုလိုတာက ကံလမ်း၊ ဈာန်လမ်း လောက်နဲ့ စိတ်မချရ သေးပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားအားထုတ်ပြီး အနည်းဆုံး သောတာပန်ဖြစ်မှ ဘဝကစိတ်ချရတာပါ။ သောတာပန် ဖြစ်သွားရင်တော့ အပါယ် မကျတော့ပါဘူး။
          သောတာပန် ဖြစ်အောင် အားမထုတ်နိုင် သေးရင်တောင် အငယ်စား သောတာပန် လို့ခေါ်တဲ့ စူဠသောတာပန် အဆင့်လောက်တော့ ရအောင် အားထုတ်ကြရမှာပါ။ စူဠ သောတာပန်ဆိုတာ အကြောင်းနဲ့ အကျိုးကို ခွဲခြားသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် အထိ ရောက်တဲ့ ယောဂီကို စူဠသောတာပန်လို့ ခေါ်တာပါ။ စူဠသောတာပန် ဖြစ်ရင်လည်း သုဂတိဘဝ မြဲတယ်လို့ ဆိုပါတယ်။
          ဉာဏ်စဉ်အတိုင်း ပြောမယ်ဆိုရင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်က ဒုတိယဉာဏ်စဉ် ပါ။ ပထမဉာဏ်စဉ်က နာမ်ရုပ်ကို ပိုင်းခြားသိတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်စဉ်ပါ။
          ဒီဉာဏ်စဉ် နှစ်ပါးကိုတော့ တရားကို ရိုရိုသေသေ ရှုမှတ်တဲ့ ယောဂီတိုင်း တွေ့ကြ ရတာ များပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ ဝင်တိုင်း ဒီဉာဏ်စဉ် နှစ်ခုလောက်တော့ ရအောင် အားထုတ်ကြရမှာပါ။ တချို့ အလေ့အကျင့်များတဲ့ ယောဂီတွေဆို ကိုယ့်အိမ် ဘုရားခန်း ထဲမှာ ထိုင်လိုက်တာနဲ့ ဒီဉာဏ်စဉ် နှစ်ခုကို ချက်ချင်း တွေ့ကြရတယ်လို့ ဆိုပါ တယ်။
          ဘဝမှာ ဝိပဿနာတရားထက် ပျော်စရာကောင်းတာ ဘာမှမရှိပါဘူး။ ဝိပဿနာ တရားတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။ မြတ်စွာဘုရားက ဝိပဿနာ ပီတိသုခနဲ့ ပျော်မွေ့ နေရတာဟာ လူသာမန်တွေ မဆိုထားနဲ့ နတ်သာမန်တွေ တောင်မှ မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းကို ရရှိပါတယ်လို့ ဟောပြထားတာပါ။
          ဘယ်နေရာမှာပဲ ရောက်နေရောက်နေ၊ ဘယ်လို အခြေအနေပဲ ရှိနေနေ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တကယ်လျှောက်ရမှာက ဉာဏ်လမ်းပါ။
          ဒါတွေက ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ရှိတဲ့အခါ လမ်းသုံးသွယ်ကို အာရုံပြု လိုက်ရင် တရားသဘောလေးတွေ ပေါ်လာတာ များပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို အတွေးလေးနဲ့ တရားပြန်ဟောလို့ လည်းရတာပါပဲ။ တရားဟော သူလည်းကိုယ် တရားနာသူလည်း ကိုယ်ပါ။ တရားဆိုတာ သူများ ဟောမှတင် မဟုတ်ပါဘူး၊ ကိုယ့်ကိုယ် ကိုလည်း ပြန်ဟောရမှာပါ။ ကိုယ့်ကိုယ်ကို တရားဟော တယ်ဆိုတာ ကိုယ့်ကိုယ့်ကို ပြန်ထိန်းကြောင်းတာပါပဲ။
          ကိုယ့်ကိုယ်ကို တရားဟောရင်း ကိုယ်ဘယ်လမ်း လျှောက်နေတယ် ဆိုတာ ပြန်ကြည့်ရမှာပါ။ ကံလမ်း၊ ဈာန်လမ်း လောက်ပဲ ရှိသေးတယ် ဆိုရင်တော့ ကျန်နေတဲ့ သက်တမ်းလေးမှာ ဉာဏ်လမ်းပေါ် ရောက်အောင် ရွှေ့ယူဖို့ပါပဲ။ ဉာဏ်လမ်းပေါ်ရောက် သွားရင် ကျန်တာတွေက ဘာမှမဟုတ်တော့ပါဘူး။
          ဉာဏ်လမ်းပေါ် လျှောက်တဲ့အခါ စာအုပ်ဖတ်ပြီး လျှောက်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါက အတိတ်အတိတ် ဘဝက ပါရမီပါခဲ့တဲ့ သူတွေအတွက်သာ အဆင်ပြေတာပါ။ ဒါကြောင့် ရိပ်သာတစ်ခုခုမှာ သွားပြီး နည်းသွားယူရမှာပါ။ ဆယ်ရက်, တစ်လ, ချက်ချင်းကြီး မဝင်နိုင်သေးရင်တောင် ပထမသုံးရက် ဝင်ကြည့်၊ အဆင်ပြေရင် နောက် ဒုတိယ အကြိမ်ကျတော့ ငါးရက်ဝင်ကြည့်၊ နောက်တတိယ အကြိမ်ကျတော့ ဆယ်ရက်၊ တစ်လ စသည်ဖြင့် တိုးတိုးသွားရုံပါ။
          တော်တော်များများက (၆ဝ)ပြည့် ပင်စင်ယူမှပဲ အားထုတ်ဖို့ စိတ်ကူးကြတာပါ။ (၆ဝ) နောက်ပိုင်းဆို ရုပ်အို နာမ်အို ဖြစ်သွားတဲ့ အတွက် လူငယ်တစ်ယောက်လို အားထုတ်လို့ မကောင်းတော့ပါဘူး။ ဒီကြားထဲ ကျန်းမာရေး မဖောက်ဘူး လို့လည်း မပြောနိုင်ပါဘူး။ ကျန်းမာရေး ဖောက်ပြီး ခုတင်ပေါ်ရောက်မှ တရားအားထုတ်နည်း သင်ပေးရတဲ့ ကမ္မဋ္ဌာန်း ဆရာမှာလည်း စိတ်ရှိတိုင်း သင်မပေး နိုင်တော့ပါဘူး၊ ပင်စင်မယူခင် ငယ်တုန်းအားထုတ် ထားရမှာပါ။ ပင်စင်ယူပြီးတာနဲ့ အရှိန်မပျက် ဆက်အားထုတ် သွားရင် မခက်တော့ပါဘူး။
          ဒီလိုပါပဲ၊ ပင်စင် မယူခင်လည်း ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်း ပေါ်ရောက်အောင် ရွှေ့ရွှေ့ယူသွား ရမှာပဲ။
          ဥပမာ၊ ကိုယ့်ရုံးကို လူတစ်ယောက် စာရွက်တစ်ရွက် လာယူမယ်၊ တခြားကိစ္စ တစ် ခုကြောင့် ချက်ချင်း မပေးနိုင်တာကို ရောက်လာသူက မကျေနပ် စကားပြောလာမယ်၊ ဒါကို ကိုယ်က ပြုံးပြုံးလေးနဲ့ ဘာမှ ပြန်မပြောဘဲ ကာယကံနဲ့ ဝစီကံကို စောင့်ထိန်း လိုက်တာက သီလကုသိုလ် ဖြစ်သွားတာပါ၊ စာရွက်လာယူတဲ့ သူကိုကြည့်ပြီး “ငါလုပ်ပေးလိုက်တဲ့ အတွက် သူ့မိသားစု အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပေး နေတာက သမထကုသိုလ် ဖြစ်သွားတာပါ။ ကိုယ်လုပ်ပေး လိုက်ရတဲ့ အတွက် ကျေနပ်ဝမ်း မြောက်မှုဖြစ်မယ်၊ ဒါဆို ကိုယ့်စိတ်ကိုယ် ပြန်ကြည့်ပြီး “ဝမ်းသာတယ်၊ ဝမ်းသာတယ်”လို့ ရှုမှတ်လိုက်တာက ဘာဝနာ ကုသိုလ် ဖြစ်သွားတာပါ။
          ဒါက အလုပ်လုပ်ရင်း ရုံးထဲမှာတင် မြတ်စွာဘုရား လျှောက်စေချင်တဲ့ ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းပေါ် ရောက်အောင် ရွှေ့ယူ လိုက်တာပါ။ ပိုက်ဆံလည်း မကုန်ပါဘူး။
          ခန္ဓာရှိနေတဲ့ အတွက်၊ မိသားစု ရှိနေတဲ့ အတွက် ရာထူးဌာနန္တရ၊ ငွေကြေး ဥစ္စာတွေ ကတော့ လိုအပ် နေတာပါပဲ။ ဒါပေမယ့် ဒီရာထူး ဌာနန္တရ၊ ငွေကြေး တွေကိုပဲ ဒါနသဘော၊ သီလသဘော၊ ဘာဝနာသဘော ဖြစ်အောင် ပြောင်းယူရမှာပါ။
          တစ်ခါတလေ ကျတော့လည်း ဘဝတွေက ခက်တော့ အခက်သား ပါပဲလေ။ ကိုယ့်ဘဝ ကိုယ်စိတ်တိုင်း မကျတဲ့သူက များပါတယ်။ ဒီလိုပါပဲ၊ စိတ်တိုင်းကျခြင်း မကျခြင်း တွေနဲ့ပဲ ဘဝတွေက ဖြတ်သန်း နေကြရတာပါ။ နှစ်ဆယ့်တစ် ရာစု ရဟန်း တစ်ပါးရဲ့ ဘ၀ဟာလည်း မသက်သာလှပါဘူး။ ရဟန်းနဲ့ငွေ, ငွေနဲ့ရဟန်း ဘာမှ မဆိုင်လှ ပေမယ့် ငွေမရှိပြန် ရင်လည်း အဲဒီရဟန်း တစ်ပါးအတွက် ခက်ခဲ မှုတွေနဲ့ပါ။ လူတွေဆို အထူးပြောစရာ မလိုတော့ပါဘူး။
          ပုထုဇဉ် လူသား တစ်ယောက်ရဲ့ဘ၀မှာ လောကီ ကျိုးတွေကတော့ လိုအပ်ချက် တစ်ခု အနေနဲ့ကို လိုအပ်နေတာပါ။ လောကီ ကျိုးတွေကို ငဲ့လွန်း နေပြန်ရင်လည်း တရား အားထုတ်ရတာ အနှောင့်အယှက် ဖြစ်နေတတ်ပါတယ်။ ပြည့်စုံခြင်း၊ မပြည့်စုံခြင်း တွေကတော့ ရှိမြဲရှိနေမှာပါ။ အဲဒီ အထဲကမှ တရားအားထုတ် ဖြစ်နေတယ် ဆိုရင်ပဲ ဘ၀က ပြည့်စုံမှု တစ်ခုအနေနဲ့ ပြီးပြည့်စုံ နေတော့တာပါ။ တရားမှတ်နေတဲ့ အချိန် လေးဟာ လောကီ ကျိုးတွေကို မေ့နေတာက များပါတယ်။ တဒင်္ဂ မေ့နေရင် တဒင်္ဂ စိတ်ချမ်းသာ နေတာပါပဲ။
          မြတ်စွာဘုရားက ပရိနိဗ္ဗာန် စံခါနီးမှာ “မမေ့ကြနဲ့၊ မမေ့ကြနဲ့” လို့နောက်ဆုံး စကား အနေနဲ့ မှာခဲ့ပါတယ်။ “မမေ့ကြနဲ့” ဆိုတာ ဝိပဿနာ တရားအားထုတ်ဖို့ မမေ့ကြနဲ့လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒါတွေကို ထောက်ပြီး လူ့ဘဝ ရောက်လာတာ ဝိပဿနာ တရား အားထုတ်ဖို့ပါပဲ။
          ဗာရာဏသီ မင်းဟာ ကိုယ်ဖြစ်တဲ့ အကုသိုလ် လေးကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန် တရား ဟောခဲ့တာပါ။ ဟောရုံတင် ရပ်မထားဘဲ ဝိပဿနာ တရားကို ဆက်အားထုတ် ခဲ့တာပါ။ လမ်းသုံးသွယ်နဲ့ ပြောရင် ဉာဏ်လမ်းပေါ် ရောက်အောင် လျှောက်ပြီး ပစ္စေက ဗုဒ္ဓါဖြစ် သွားတာပါ။
          ဘာပဲပြောပြော လူ့ဘဝ ရခိုက်လေးမှာ ကံလမ်း, ဈာန်လမ်း လောက်နဲ့တင် တင်းတိမ် မနေဘဲ ဉာဏ်လမ်းပေါ်ကိုလည်း ရောက်အောင် လျှောက်ဖို့ပါပဲလေ။
          သြော်... နောက်ဆုံး ကျတော့လည်း တရားအားထုတ်နေတာပဲ အကောင်းဆုံး ပါပဲလေ။
>>>Read more>>> >>